မြိုင်၊ ပေါက်နှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီး၊ လေယာဉ်တို့ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်
မကွေးတိုင်း မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကနီမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ လေယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မြိုင်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်လေထီး ၂ စီးက မြို့နယ် အနောက်မြောက်ပိုင်းရှိ ကျေရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကနီမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်မှ စတင်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် မြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ ပေါက်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်ခန့်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသော SU-30 ဂျက်ဖိုက်တာ ၁ စီးက မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကို စိုးရိမ်၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ခွေးတွေက လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကျဲသွားတာပါ။ ပေါက်မြို့နယ်ကို ကျဲချသွားတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ မြိုင်နဲ့ ကနီကတော့ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူများက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်မှ ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများသည် ရွာထဲမှ တိမ်းရှောင်ကာ ဘေးလွတ်ရာတွင် နေထိုင်နေရကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပခုက္ကူ၌ ပျက်ကျခဲ့သော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး တစ်စီး (ပုံအဟောင်းဖြစ်သည်)
