ရန်ကုန်၊ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရင်နေ့ ညနေပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာရှိ ရက်ကန်းစင်တောင် ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် စက်တင်ဘာလ ၁၅ ရက်နေ့ထိ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် ယာယီတပ်စွဲထားသော နေရာမှ စစ်သားများ ဆုတ်ခွာသွား၍ တော်လှန်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရက်ကန်းစင်တောင်ကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများ ထိခိုက်မှုရှိကာ ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ရက်ကန်းစင်တောင်မှ ဆုတ်ခွာပေးလိုက်ရသော်လည်း ပကာရီရွာ ရဲစခန်းအတွင်း၌ အကြမ်းဖက် စစ်သား အများအပြား ရှိနေသေးပြီး ထားဝယ်မြို့ဘက်မှလည်း စစ်ကူ အများအပြား ပို့ဆောင်နေကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ရက်ကန်းစင်တောင်ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်တာပေါ့။ ရက်ကန်းစင်တောင်ကိုတော့ သိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ ပကာရီရွာထဲက ရဲစခန်းထဲမှာလည်း စစ်ခွေးတွေ အများကြီးကျန်သေးတယ်။ နောက်ပြီး ထားဝယ် ဘက်ကလည်း စစ်ကူတွေ အများကြီးပို့နေတယ်လို့ သိရတယ်။ မြေပြင်မှာတော့ စစ်ရေးတင်းမာနေတုန်းပဲ မနေ့က သူတို့ ယာယီတပ်စွဲထားတဲ့ နေရာ သိမ်းခံရပြီးနောက်မှာ စစ်ခွေးတွေက လေယာဉ် ၂ စီးနဲ့ ဗုံးလာကျဲတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ ရက်ကန်းစင်တောင် ဘုန်းကြီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို မြေသယ်ကားများဖြင့် ထားဝယ်မြို့သို့ ပို့ဆောင်နေကြောင်း သိရသည်။
