စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် ဗန်းမောက်မြို့နယ်၌ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တပ်သား အောင်မင်းလွင်သည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုအလင်းဝင်လာရောက်လာသော တပ်သား အောင်မင်းလွင်သည် AK သေနတ် ၁ လက်၊ ကျည် ၂၂၀ တောင့်နှင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ မြို့နယ်ရုံး၌ ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအလင်းဝင်ရောက်လာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ တပ်သား အောင်မင်းလွင်ကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ငွေကျပ် ၇၉ သိန်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
