တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ လာသည့် အကြမ်းဖက် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများသောကြောင့် တပ်ဆုတ်ပြေးသွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် အစောပိုင်းတွင် ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ လာရောက်သည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု များပြားသောကြောင့် ယာဉ်တန်းတစ်ခုလုံး ထားဝယ်မြို့ဘက်သို့ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နှင့် ထားဝယ်မြို့ အစပ်တွင်ရှိနေသေးကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်းက ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ကို တက်လာတဲ့ စစ်ခွေး အင်အား ၁၀၀ ကျော်ပါတဲ့ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ အထိနာပြီး လောင်းလုံးမြို့ထိ မရောက်လိုက်ဘူး။ လမ်းပိုင်းကနေပဲ ပြန်ဆုတ်ပြေးသွားတယ်။ ခွေးစစ်ကြောင်းက အခုထိ လောင်းလုံးနဲ့ ထားဝယ် အစပ်မှာရှိနေသေးတယ်။ သူတို့ ထပ်ပြီးတော့ တက်မလားတော့ဘူး။ မနက်ဖြန် ထားဝယ်ကို တတောင်းစား မင်းအောင်လှိုင် လာမှာဆိုတော့ လောင်းလုံးထိပါ ဆင်းပြီး လုံခြုံရေးလာလုပ်တာလို့တော့ ထင်တယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ကို မင်းအောင်လှိုင်လာရောက်မည်ဖြစ်သောကြောင့် နယ်မြေရှင်းလင်းသည့် ပုံစံဖြင့် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ်တို့ရှိ ကျေးရွာ ၁၀ ခုကျော်ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးများ အကြိမ် ၅၀ ကျော် ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
