နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အလုပ်မှ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင် ငဖဲမြို့နယ် ကပစ ၁၄ ကို ပို့ဆောင်ခံထားရသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သား ၄ ဦးသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှ ဖြစ်ပြီး အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကာ သင်တန်း တက်ရောက်ပြီးနောက် မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ တပ်ရင်းကို ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် ငဖဲမြို့နယ် ကပစ ၁၄ ကို ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့က ကပစ ၁၄ ကနေ ထွက်ပြေးလာတာ အလင်းဝင်ရောက်လာတဲ့ သူတို့ ၄ ဦးစလုံးက စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၂ ကပါ။ ၄ ဦးလုံးက စစ်သင်တန်း တက်ရောက်ခဲ့တဲ့ နေရာတွေလည်း မတူဘူး။ စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ချင်းပြည်နယ်ကပါ။ သူတို့တွေက မြို့ပေါ် အလုပ်သွားရင်း ပေါ်တာဆွဲခံရတာပါ။ သူတို့က မိသားစုတွေဆီ ပြန်ချင်တယ်ပြောပါတယ်။ ကျနော်တို့ ကူညီ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေ အကြမ်းဖက် စစ်တပ်က ထွက်ပြေးကြပါ။ ထွက်ပြေးရင်လည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပါ။ ဒီအတိုင်းထွက်ပြေးမယ်ဆိုရင်လည်း နယ်မြေ အနေအထားကို မပြေးခင် ကြိုတင်လေ့လာပါ။ ဒါမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ နယ်မြေအကြောင်း သိရှိထားရင် ပြေးရတာ လွတ်မြောက်နိုင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ တပ်သားများ အနေဖြင့် ပြည်သူ့ထံ အလင်းဝင်ရောက်လိုပါက တပ်ရင်းကို ဆက်သွယ်နိုင်ကြောင်းနှင့် မိသားစုနှင့်ပြည်လည်ဆုံတွေနိုင်ရန် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်းက ပြောဆိုထားသည်။


