26.5 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ တပ်ပြန်ဆုတ်၊ သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ တပ်ပြန်ဆုတ်သွားကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဘို လေ့ကျင့်ရေး ၈ နှင့် ရွှေဘို-ဘုတ်ကုန်း လမ်းပိုင်းမှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်တပ် စစ်ကြောင်းသည် ညတွင်းချင်း ဘုတ်ကုန်း နှင့် လေ့ကျင့်ရေး ၈ ဘက်သို့ ပြန်လည် ဆုတ်ပြေးသွားကြောင်း သိရှိရသည်။

ထို တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် MA-4 သေနတ် ၁ လက်၊ MA-5 ပစ္စတို သေနတ် ၁ လက်၊ RPG အဖူး၊ အီနာဂါ ၊၄၀ မမ ဗုံးများ၊ ကျည်ဘောက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က ထိခိုက်မှုနဲ့ သေဆုံးမှုများပါတယ်။ ခွေးစစ်ကြောင်းကတော့ တိုက်ပွဲဖြစ်ပြီး ညတွင်းချင်းပဲ သူတို့ ထွက်လာတဲ့ ဘုတ်ကုန်း ပျူခြံနဲ့ လေ့ကျင့်ရေး ၈ ခွေးခြံဘက်ကို တပ်ပျက်ပြီး ဆုတ်ပြေးသွားတယ်။ စစ်ခွေးသေဆုံးမှု အရေအတွက် အတိအကျတော့ မသိရသေးပါဘူး” ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ​ပြည်သူ့ကာကွယ်​​ရေးအဖွဲ့ ( မြို့နယ် ပကဖ)၊ တိုက်နယ် ပကဖများနှင့် မြို့နယ် ပလဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article