24.9 C
Yangon

မန္တလေးအိုးဘိုထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ဟု PPNM က အစီရင်ခံစာ ထပ်မံထုတ်ပြန် အတည်ပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မန္တလေးမြို့၊ အိုးဘိုထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့ အစီရင်ခံစာထုတ်ပြန် ထပ်မံ အတည်ပြုသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားအနည်းဆုံး ၄ ဦးသေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးရှိသည့်အနက် အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ ၅ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါသတင်းကို စစ်တပ်က ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် သတင်းမှား ဖြစ်သည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးရမှုဖြစ်စဉ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ စိစစ်အတည်ပြုထားသည့် အစီရင်ခံစာကို PPNM က ယနေ့စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီအစီရင်ခံစာ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ဒီသေဆုံးမှုတွေ ဖြစ်ခဲ့တာကို တကယ် မဖြစ်ခဲ့သယောင် ဖန်တီးခံလိုက်ရတယ်။ အသက်တွေ ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၊ မိမိရဲ့ မိသားစုဝင်တွေကို ‌ဆုံးရှုံးလိုက်ရမှုတွေကို ရေငုံနှုတ်ပိတ်နေရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ အသံထုတ်နိုင်တဲ့ အခြေ အနေတစ်ခုမှာ ရှိတဲ့ လူတွေက ဒီသေဆုံးမှုတွေ အလဟဿ မဖြစ်ဖို့နဲ့ ကျဆုံးသွားတဲ့ လူတွေကို လွယ်လွယ်လေးနဲ့ သတင်းမှားဆိုပြီး သေဆုံးမှုတွေ အလဟဿဖြစ်သွားမှာကို မလိုလားတဲ့ အတွက် ကျဆုံးသွားတဲ့ လူတွေရဲ့ ဂုဏ် သိက္ခာကို အဓိက တန်ဖိုးထားသောအားဖြင့် ဒီထုတ်ပြန်ချက်ကို တစ်လတာ အချိန်ထပ်မံယူပြီးမှ သတင်းရင်းမြစ်ပေါင်း အနည်းဆုံး ၁၂ ခုလောက်ကို ထပ်မံ Confirm အတည်ပြုချက်တွေ ဆက်လုပ်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

PPNM အနေဖြင့် အိုးဘိုထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများထိခိုက်သေဆုံးရမှုအတွက် ၁ လခန့်အချိန်ယူကာ ခိုင်လုံသော သက်သေအချက်အလက်များ စုဆောင်းခြင်း ၊ သတင်းအရင်းအမြစ် အသီးသီးထံမှ အတည်ပြုချက်ရယူခြင်း ၊ သက်သေအချက်အလက်များအား ထိန်းသိမ်းခြင်း၊ စနစ်တကျစိစစ်ခြင်း တို့ကို ပြုလုပ်ပြီးမှသာ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အကျဉ်းဦးစီးဌာနကရော စစ်တပ်ကရော အကျဉ်းထောင်တွေ သေဆုံးမှုတွေ အပြင်မပေါက်အောင် စနစ်တကျလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ စစ်တပ်နဲ့ အကျဉ်းဦးစီးက သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်လာတယ်လို့ သုံးသပ်ပါတယ်။ သူတို့ ဘယ်လိုပဲ ပြင်ဆင်နေပါစေ အမှန်တရားဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး ရတဲ့ နည်းနဲ့ ရတဲ့ အချိန်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းထုတ်ပြန်ချက်ကို မှားတယ်လို့ ယူဆတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ရော စစ်တပ်အနေနဲ့ရော ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့ အထဲမှာ နာမည် ၊ အဖနာမည် ၊ ပုဒ်မ၊ တရားရုံးတွေက အစ ထည့်ထားပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျဆုံးသွားသူများ၏ အသက်၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှု အရေးကြီးသည့်အတွက် PPNM အနေဖြင့် စုံစမ်းစစ်ဆေးမှု အသေးစိတ်ကို သတ္တိရှိရှိ ထပ်မံ၍ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက်ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article