ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ရပ်ကွက် ၂ ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့ ရပ်ကွက် ၂ ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ပြီး လယ်ယာများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝါးဖြူတောင်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Voice OF Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ နေအိမ်တွေပဲ ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်” ဟု Voice OF Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


