စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာမှ မင်းကွန်းမြို့ ဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗန်းမော်မြို့မှ ပြန်ဆင်းလာသော စစ်သင်္ဘောများ၌ လိုက်ပါလာသော အကြမ်းဖက် စစ်သားများသည် စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာဘက်မှ မင်းကွန်းမြို့ဘက်သို့ ခြေလျင် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းကို ကောက်ယူကာ စစ်ကြောင်းသည် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာဘက်သို့ စက်လှေများဖြင့် ကူးပြေးသွားကြောင်း သိရှိရသည်။
“သူတို့က ဗန်းမော်ကနေ သင်္ဘောနဲ့ ပြန်လာပြီးတော့ မိုးကြိုးဆိုတဲ့ရွာကပ်ပြီးတော့ စဉ့်ကိုင်ရွာဘက်ကို ခြေလျင်ကူးလိုက်တယ်။ အဲဒီကနေ မင်းကွန်းမြို့ဘက်ကို အင်အား ၁၀၀ ကျော်နဲ့ ဆုတ်လာပြီး တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင် ပစ္စည်းတွေ ဝင်သယ်တာ သယ်ပြီးတော့ စက်လှေပေါ်တင် အရှေ့ဘက်ကမ်းပို့တာ လူတွေကတော့ ခြေလျင် တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးတယ်။ စက်လှေတွေက သူတို့တင်ပေးတဲ့ပစ္စည်းတွေ တင်ပြီး အရှေ့ဘက်ကမ်းပို့နဲ့ သွားလာတဲ့အချိန်မှာ ကျနော်တို့က နောက်ကနေလိုက်ပြီးတော့ တိုက်ခိုက်ခဲ့တာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ဗန်းမော်မြို့မှ ဆင်းလာပြီး သုံးဆယ်ပေးကျေးရွာ၌ ကပ်ထားသော စစ်သင်္ဘော ပေါ်မှ ပွိင့် ၈ လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
