စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဗန်းမောက်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် SNA များ တပ်စွဲထားသော နောက်ဆုံး လက်ကျန် ဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး စစ်သားများနှင့် SNA အဖွဲ့ဝင်များ အားလုံး ဗန်းမောက်မြို့တွင်းမှ ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“ဒီနေ့ ညနေ ၆ နာရီ ၄၀ မိနစ်မှာ ဗန်းမောက်မြို့ကို အလုံးစုံရပါပြီ အခုရှင်းလင်းရေး လုပ်နေတယ်။ ဒီနေ့ နောက်ဆုံးသိမ်းလိုက်တာက လက်ကျန် ဗျူဟာကုန်းကို သိမ်းလိုက်တာ SNAနဲ့ စစ်းခွေးတွေ အကုန် ထွက်ပြေးသွားပြီ စခန်းအားလုံးရပါပြီ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး မြို့သိမ်း တိုက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅)၊ အမှတ် (၁) စစ်ဒေသ စစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင် ပကဖလှုပ်ရှားအဖွဲ့ ၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
