ရန်ကုန်၊ စက်တင်ဘာ ၂၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော စစ်သားများ မိုင်းရှင်းလင်း ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးခဲ့ကာ စစ်တပ်က ကျေးရွာနေ အမျိုးသမီး ၆ ဦးကို အဓမ္မပြုကျင့်ပြီး နေအိမ်များကို နေ့စဉ်မီးရှို့နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က စတင်ပြီး မလှိုင်မြို့နယ်ဘက်မှ ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရုံးစည်ကြီးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူများကို ရွာထဲ၌ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် ရုံးစည်ကြီး အတွင်း ဝင်ရောက် စီးနင်းစဉ် ကျေးရွာအတွင်းရှိ ဗုံးခိုကျင်းထဲ၌ တွေ့မြင်ခဲ့သော အမျိုးသမီး ၁ ဦးနှင့် ထမင်းလာပို့သည့် အမျိုး သမီး ၁ ဦး အပါအဝင် အမျိုးသမီး ၆ ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျေးရွာနေ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ရုံးစည်ကြီးရွာမှာ စစ်ခွေးတွေ အဓမ္မပြုကျင့်တဲ့ အမျိုးသမီးက ၆ ဦးရှိတယ်လို့ သိရတယ်။ ၄ ဦးကတော့ ကျန်နော်တို့ အတည်ပြုနိုင်ဘူး။ ကျန် ၂ ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ ဆက်လက်လုပ်နေတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရုံးစည်ကြီးရွာထဲမှာ ပိတ်မိပြီး ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ စစ်ခွေးတွေက အမြဲတမ်း သောက်စားမူးယစ်ပြီး မူးယစ်ဆေးသုံးစွဲတာတွေများတယ်။ စစ်ကြောင်းထိုးရာ တစ်လျှောက်မှာလည်း အရက် ဘီယာ ဗူးခွံတွေ အမျိုးသားသုံး ကွန်ဒုံးတွေ တွေ့ရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထို စစ်ကြောင်းသည် ရုံးစည်ကြီး-မလှိုင် လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ပြင်းထန်ဒဏ်ရာရသူများကို မိတ္ထီလာ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၈ ဦးကို မလှိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ရေခါးရွာကို ဝင်ရောက်စီးနင်းပြီး ကုန်စုံဆိုင်တစ်ခုမှ ငွေသား ၁၅ သိန်း၊ ဆန်အိတ် နှင့် အခြားစားသုံးကုန်ပစ္စည်းများ အပါအဝင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး နားတောင်း၊ လက်စွပ်နှင့် အခြား ရွှေထည်ပစ္စည်းများကို အတင်းအဓမ္မ ချွတ်ယူသွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကိုလည်း ဖမ်းဆီးစစ်ဆေးပြီး ဖုန်း အလုံးရေ ၁၀၀ ကျော် သိမ်းဆည်းသွားကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ တပ်စွဲခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှ စ၍ လက်ရှိချိန်ထိ ရုံးစည်ကြီးရွာနှင့် သံဘိုရွာရှိ ပြည်သူပိုင် နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီးနေပြီး နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ စစ်သားများသည် ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကိုလည်း ရိုက်ခွဲ ဖျက်ဆီးသွားကြောင်း သိရသည်။
“အဲစစ်ခွေး စစ်ကြောင်းကကောင်တွေ ရုံးစည်ကြီး-မလှိုင် လမ်းပိုင်းမှာ မိုင်းရှင်းလင်းရေး ပြုလုပ်နေတုန်း မိုင်းမိတာ စစ်ခွေး ၂ ကောင်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ ၄ ကောင်က အပြင်းအထန် ဒဏ်ရာရပြီး မိတ္ထီလာ ဆေးရုံပို့လိုက်ရတယ်။ ၈ ကောင်ကတော့ သာမန် ဒဏ်ရာရပြီး မလှိုင် ဆေးရုံမှာရှိနေတယ်။ စစ်ခွေးတွေက ရုံးစည်ကြီးနဲ့ သံဘိုရွာကို နေ့တိုင်း မီးရှို့နေတာ နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး စစ်ကြောင်းက အခုထိ ရုံးစည်ကြီးထဲမှာ တပ်စွဲထားတုန်း” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိချိန်တွင် ရုံးစည်ကြီးရွာ၌ မြင်းခြံမှ သီတာယုမွန်၏ ပျူစောထီးများနှင့် ရန်ကုန် မှော်ဘီ ရဲတပ်ရင်း ၅ မှ ရဲများ အပါအဝင် စစ်သားများ ဆက်လက် တပ်စွဲထားပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရုံးစည်ကြီးရွာရှိ မြောက်ချိုင်းနှင့် အလယ် ရပ်ကွက်ရှိ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။


