25.5 C
Yangon

ထားဝယ်မှ လောင်းလုံးသို့ လာရောက်သည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ထား၀ယ်မြို့မှ လောင်းလုံးမြို့နယ် အတွင်းကို လာရောက်သည့် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်စဉ် ရာဟောင်း၀ရွာ အနီး မိန်းလမ်းမအတိုင်း ဆင်းလာသော စစ်‌ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှ လက်ဦးမှုရယူကာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ ဒုတိယ စစ်ကြောင်းသည် တောလမ်းအတိုင်း စစ်ကူပေးရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာရှေ့ထွက်မိုင်း ၃ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အဓိက ပြောချင်တာက ကျနော်တို့ ပြည်သူတွေ လုံခြုံဖို့ပါ။ တိုက်ပွဲကတော့ နေရာမရွေးဘူး ထဖြစ်နိုင်တာပဲ ကျနော်တို့နဲ့ ရန်သူထိပ်တိုက်တွေ့ရင် တိုက်ကြမှာပဲ အဲဒီအတွက် တိုက်ပွဲ ရုတ်တရက်ထဖြစ်ချိန်တွေမျိုးမှာ လုံခြုံရာ နေထိုင်တတ်ဖို့လိုပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ကွယ်ရာ နေရာတွေမှာ နေကြဖို့လိုမယ်။ တိုက်ပွဲဆိုတာမျိုးက ရန်သူနဲ့ ရုတ်တရက်‌တွေ့ချိန် မရည်ရွယ်ဘဲ ဖြစ်တာတွေလည်းရှိတယ်။ အသံကြားရင်လည်း လုံခြုံရာနေရာကိုရွှေ့ပြီး နေကြဖို့ပါ။ ဒါတွေက အခုမကြုံလည်းနောက်ကြုံလာရနိုင်တဲ့ကိစ္စမျိုးတွေဖြစ်တယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊‌ ဒေါနစစ်ကြောင်း-၃ KBDF ၊ ဒေါနတပ်ခွဲ-၇ LPF၊ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား မသာ အလောင်းများကို ရေခဲကားငယ် ၁ စီးဖြင့် ထား၀ယ်မြို့ပေါ်သို့ သယ်ဆောင်သွားပြီး အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသော ရေခဲကားငယ် မောင်းနှင်းသူကို တော်လှန်ရေး တပ်ဖွဲ့များက မှတ်တမ်းများရရှိထားပြီး ထပ်မံ၍ လောင်းလုံးမြို့နယ်အတွင်း ၀င်ရောက်လာပါက ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article