ရန်ကုန်၊ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိ၍ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ခင်ဦးမြို့နယ် စစ်တပ်စခန်း မှ ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ဘုတ်ကုန်း ပျူစေထီးရွာ သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားသော စစ်တပ် စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်း အင်အားဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒု-ဗိုလ်မှူးကြီး၊ သုံးပွင့် ဗိုလ် ၊ တပ်ကြပ်များနှင့် တပ်သားများ အပါအဝင် အများအပြား သေဆုံးခဲ့ပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဘို- လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ)မှ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာစဥ် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး စစ်ကြောင်း တပ်ပျက်ကာ ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ) သို့ ကစဥ့်ကလျားဖြင့် ပြန်လည် ဆုတ်ခွာသွားပြီးနောက် အင်အား ၉၀ ခန့်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။


