25.4 C
Yangon

ကနီနှင့်နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီအချိန် ကနီမြို့နယ် သမင်ခြံစံပြကျေးရွာသို့ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ခိုင်းနွား ၄ ကောင်ပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သမင်ခြံကျေးရွာအရှေ့ထိပ် ကားလမ်းမကြီးဘေး ဝဲယာကို စက်တပ်လေထီးနဲ့ ဗုံး ၂ လုံးချသွားတာ။ပြည်သူ ၄ ဦးသေဆုံးတယ်။ ခိုင်းနွား၄ကောင်သေဆုံးတယ်။‌ သေဆုံးသွားတဲ့ ပြည်သူတွေကတော့ ကိုကျော်သု၊ကိုသန်းပို၊ဦးကြည်‌အေးနဲ့ မမိဗြား တို့သေဆုံးပါတယ်။ မြေပြင်မှာ တိုက်ပွဲမရှိပါဘူး။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော စစ်တပ်က သမင်ခြံကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသဖြင့် ပြည်သူများမှာ ကျေးရွာတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ သမင်ခြံကျေးရွာသို့ ဗုံးကျဲချခဲ့သော စက်တပ်လေထီးမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာကို မြင်းခြံအခြေစိုက် ခလရ ၁၅ တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ ခန့် အချိန်ကလည်း နွားထိုးကြီးမြို့နယ် ၊ မကျီးကန်ကျေးရွာသို့ မိတ္ထီလာလေတပ်မှ တက်လာသော Gyrocopter ၅ စီးဖြင့်ဗုံးများကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခိုင်းနွားများ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“နွားထိုးကြီးထဲမှာတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်လိုက်၊ လေကြောင်းတိုက်ခိုက်လိုက်နဲ့ တောက် လျှောက် ဆိုသလို တိုက်ခိုက်မှုတွေ ခံနေရတယ်။ စစ်ကြောင်းထိုးတာတွေကလည်း မြေပြင်မှာရှိနေတယ်။ စက်တင်ဘာလ ၉ ရက်နေ့ Gyrocopter ၅ စီးနဲ့ တိုက်ခိုက်ခံရတာကတော့ ပြည်သူ ၅ ဦးဒဏ်ရာရတယ်။ နေအိမ် ၂ လုံးပျက်စီးတယ်။ နွား ၃ ကောင်သေဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရေးအတွက် နယ်မြေရှင်းလင်းရေး ဟု ခေါင်းစဉ်တပ်ကာ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများလည်း လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article