အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲ ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ အသက်မပြည့်သေးသော လူငယ် ၃ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ကရင်နီပြည်၊ လွိင်ကော်မြို၊ ဒေါနိုးကူးရပ်ကွက်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များပျက်ပြားစေ ရန် လှုံ့ဆော်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် မောင်ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး ၊ အသက် ၁၈ နှစ်အရွယ် မောင်ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်လင်း ၊ အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးပိုင်ဇေအောင်နှင့် အသက် ၁၄ နှစ်အရွယ် မောင်ထွန်းနေဦးလှိုင်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ လူငယ် ၅ ဦးကို လွိင်ကော်မြို့ မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်သည်ဟုဆိုကာ ရွှေပြည်သာမြို့ နယ် အမှတ် ၅ ရပ်ကွက်နေ အသက် ၃၆န ှစ်အရွယ် ကိုရဲသူရအောင်၊ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝဏ္ဏ၊ အသက် ၄၅ နှစ်အရွယ် ဦးချစ်ဝင်းနှင့် အသက် ၃၄ နှစ်အရွယ် ကို ပြေထွန်းတို့ကို ဖမ်းဆီးခဲ့ပြီး ရွှေပြည်သာ မြိုမရဲစခန်း တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသူ ၉ ဦးလုံးကို စစ်တပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ကလည်း လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့မှုအပေါ် လုံခြုံရေးမရှိသော ဖြစ်စဉ်အဖြစ် စစ်တပ်ကို လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော ကိုနေသွေးကို ရွေးကောက်ပွဲ နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ စစ်တပ်က ချမှတ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) မှာ ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အကြမ်းဖက် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- ဆားလင်းကြီးမြို့နယ်တွင် “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာရွက်များလိုက်လံကပ်နေစဉ်။
