25 C
Yangon

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာအိမ်မှူး မြင့်ကိုက ရပ်ကွက်နေပြည်သူ ကိုဇော်မင်းထွေးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စစ်တပ်ထံ ငွေကျပ် သိန်း ၁၁၀ ဖြင့် ရောင်းစား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာအိမ်မှူး မြင့်ကိုက ရပ်ကွက်နေပြည်သူ ကိုဇော်မင်းထွေးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စစ်တပ်ထံ ငွေကျပ် သိန်း ၁၁၀ ဖြင့် ရောင်းစားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာအိမ်မှူး မြင့်ကို (ခ) ရဲကြီး သည် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဟန်၀င်းအောင်ကို အသိပေးခြင်းမရှိဘဲ စစ်မှုထမ်း အပတ်စဉ် ၁၆ အတွက် ရပ်ကွက်နေ ပြည်သူ ကိုဇော်မင်းထွေးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကန်ကြီးထောင့်မြို့နယ် သရက်ကွင်းကျေးရွာအုပ်စုကို စစ်မှုထမ်းလူအစားထိုး အဖြစ် အကြမ်းဖက် စစ်တပ်ထံ ငွေကျပ်သိန်း ၁၁၀ ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာအိမ်မှူး မြင့်ကိုက ရပ်ကွက်နေပြည်သူ ကိုဇော်မင်းထွေးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူစားထိုး စစ်မှုထမ်း တပ်သားသစ် အဖြစ် ငွေကျပ် သိန်း ၁၁၀ နဲ့ ရောင်းစားလိုက်တာပါ။ အဲကရတဲ့ ပိုက်ဆံတွေကိုလည်း ကိုဇော်မင်းထွေး မိသားစုကို ပေးတာမရှိပါဘူး။ သူ့ဘာသာ သုံးလိုက်တာ ငွေကြေးတချို့ကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်ကို ခွဲပေးတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရာအိမ်မှူး မြင့်ကိုသည် ရပ်ကွက်ရုံးတွင်လည်း အမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်ပြီး စာရွက်စာတမ်း၊ ထောက်ခံစာနှင့် ဧည့်စာရင်း လာလုပ်သူများကိုလည်း ကြမ်းတမ်းစွာ ‌အော်ဟစ်ပြောဆိုသူဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ပုသိမ်မြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အကြမ်းဖက် စစ်တပ်တို့ ပူးပေါင်းပြီး လူစားထိုး စစ်မှုထမ်း တပ်သားသစ်များကို အရောင်းအဝယ် ပြုလုပ်နေကြသော်လည်း မြို့နယ် စီမံမှ အောင်ကျော်ဦးနှင့် စီမံ ဗိုလ်မှူး‌ ဇော်ထက်အောင်တို့က အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ငွေကြေးခွဲယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ရာအိမ်မှူး မြင့်ကို

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article