မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောရဲစခန်းသို့ လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း မြိုင်မြို့နယ် နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းသို့ လာရောက်သည့် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေဘက်က ထိခိုက်မှု ရှိပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ခွေး စစ်ကြောင်းက ရေစကြိုဘက်ကနေ မြိုင်မြို့နယ် လင်းကတောရဲစခန်းကိုလာတဲ့ စစ်ခွေး စစ်ခွေးစစ်ကြောင်းပါ” ဟု မြိုင်မြို့နယ် နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ် အတွင်းရှိ ခလရ ၂၅၆ တပ်ရင်း၊ ၂၅၇ တပ်ရင်းနှင့် ၂၅၈ တပ်ရင်းတို့မှ အင်အား ၁၂၀ ဖြင့် ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုကို နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အသုံးပြုသည့် ကင်းထောက် ဒရုန်း ၂ စီး ပျက်စီး ဆုံးရှုံးခဲ့သောကြောင့် ဆက်လက် ကင်းထောက်မှုများ ပြုလုပ်နိုင်ရန် အတွက် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း မြိုင်မြို့နယ် နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
