မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ရွာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို ရောက်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက် ပစ်ခတ်နေ၍ လက်ရှိချိန်ထိ ရုပ်အလောင်း ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မြိုင်မြို့နယ် နှောပင်ရွာ တောဘုန်းကြီးကျောင်းမှာရောက်နေတဲ့ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဒရုန်းနဲ့ ဗုံးကျဲလို့ နှောပင်ရွာမှာ နေထိုင်တဲ့ အမျိုးသား ၁ ဦးသေဆုံးတယ်။ အခုထိ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ခွေးတွေက လက်နက်ကြီးနဲ့ပါ ရမ်းသမ်း ပစ်ခတ်လို့ အလောင်းမကောက်နိုင်သေးဘူး” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်ကလည်း မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
