မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့မှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနွေမိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ တလုတ်မြို့မှ အနိမ့်ကျေးရွာ ဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံးပြီး G3 အမျိုး အစား သေနတ် ၁ လက် နှင့် ၇ ဒသမ ၆၂ ကျည် ၄၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ခိုက်မှု အတွင်း ကပစ ၂၀ မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တလုပ်မြို့နှင့် မြင်းခြံမြို့မှ အင်အား ၁၂၀ ခန့် ရှိသော စစ်ကူများရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
“တလုပ်မြို့ကနေ အနိမ့်ကို ကူးသန်းသွားလာနေတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေကို လမ်းကနေ စောင့်ကြိုပြီး တိုက် ခိုက်ခဲ့တာ စတိုက်တဲ့အချိန်ကတော့ ၁၀ ယောက်ပဲ တိုက်ခိုက်နေတဲ့အချိန် စစ်ကူတွေရောက်လာခဲ့တာပါ။ တလုပ်မြို့ကနေ ၂၀ လောက်ထွက်လာတယ်။ မြင်းခြံမြို့ကနေလည်း အင်အား ၁၀၀ လောက် ရောက်လာခဲ့တာ တိုက်ပွဲမှတ်တမ်းယူတဲ့ ရဲဘော်က ကျဆုံးသွားတဲ့ ရဲဘော်ကို ဆွဲထုတ်ခဲ့ရလို့ Video မှတ်တမ်းတော့မရခဲ့ဘူး။ တိုက်ခိုက်ခဲ့တာက ကျနော်တို့တစ်ဖွဲ့တည်းပါပဲ” ဟု MGN 35 ပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ကိုနွေမိုက်က ပြောဆိုသည်။
MGN 35 ပြောက်ကျားတပ်ဖွဲ့အနေဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ပ်သားများနှင့် တပ်စခန်းများကို အဆက်မပြတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကိုနွေမိုက်က ဆက်လက် ပြောဆိုသည်။
