27 C
Yangon

ကန့်ဘလူတွင် စစ်ရှောင်များ နေထိုင်သော ကျီစုရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ပြည်သူ ၁ ဦး ထပ်မံ သေဆုံး၊ အောင်ချမ်းသာရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်များ နေထိုင်သော ကျီစုရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၂၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျီစုရွာ စစ်ရှောင်ပြည်သူများ နေထိုင်ရာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းအေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒေါ်ရွှင် အသက် ၆၃ နှစ် ၊ ကိုမြင့်ဦး အသက် ၅၅ ၊ ကိုအောင်ရှမ်အသက် ၄၀ ၊ ကိုဝိုင်းစိန် အသက် ၂၀ ၊ ဒေါ်ပိန် အသက် ၅၄ ၊ ဇီထွန်း အသက် ၂၃ ၊ မီးမီး အသက် ၂၀ ၊ တင်ဆန်းဝင် အသက် ၂၁ နှင့် ပုတို အသက် ၂၁ နှစ်ခန့် အပါအဝင် ပြည်သူ ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို ထိခိုက်ဒဏ်ရာရရှိသူများထဲမှ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အသက် ၂၇ နှစ်အရွယ် ကိုဇီထွန်း ထပ်မံ သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်းရှိသောကြောင့် ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရသည်။

“၂၂ ရက်နေ့က ကျီစု ကျေးရွာမှာ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦးက ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲက ပြည်သူ ၁ ဦး ၂၃ ရက်နေ့မှာ ထပ်မံ သေဆုံးလို့ သေဆုံးသူ ၂ ဦးရှိသွားပြီး ပြင်းထန်ဒဏ်ရာရတဲ့ သူတွေလည်းရှိပါတယ်။ အခြေအနေတွေကတော့ ဆက်လက် စောင့်ကြည့်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်တပ် စစ်ကြောင်းကလည်း အောင်ချမ်းသာရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးခန့် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကာဘိုးရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာကို ထွက်လာတဲ့ စစ်ခွေး အင်အား ၁၀၀ ကျော်က အိုင်ပေါင်ချောင်ကျေးရွာကနေ တဆင့် အောင်ချမ်းသာကျေးရွာကို ဝင်ရောက်စီးနင်းပြီး ခဲ့ပြီး နေအိမ် ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးသွားတာပါ။ ဒီနေ့မှာတော့ စစ်ခွေး စစ်ကြောင်းက ကာဘိုးကျေးရွာ စာသင်ကျောင်းအတွင်းကို ပြန်လည် ဝင်ရောက်သွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article