စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အောင်ချမ်းသာရွာကို မီးရှို့ဖျက်ဆီးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်တပ် စစ်ကြောင်းသည် အောင်ချမ်းသာရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် အနီးအနားကျေးရွာများကို ထပ်မံဝင်ရောက် စီးနင်းရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးကာ ထပ်မံ စစ်ကြောင်းထိုးခြင်း မပြုလုပ်တော့ဘဲ ကာဘိုးကျေးရွာ စာသင်ကျောင်းအတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“အောင်ချမ်းသာရွာက ပြည်သူပိုင် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လမ်းပိုင်းတနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၃ ကောင်သေဆုံးတယ်။ အဲစစ်ခွေးတွေက အောင်ချမ်းသာရွာအနီးက ရွာတွေကို ထပ်ပြီးတော့ စစ်ကြောင်းထိုးဖို့ ထွက်လာတုန်း မိုင်းမိသွားတော့ စစ်ခွေးတွေ အကုန်လုံး ကာဘိုးရွာထဲကို ပြန်ဝင်သွားတယ်” ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ကန့်ဘလူမြို့နယ် အတွင်းရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းများကလည်း ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ခြင်းများကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
