မန္တလေးတိုင်း၊ မြင်းခြံမြို့ အထက ၃ ကျောင်းမှ ဆယ်ကျော်သက် အရွယ် ကလေးငယ် ၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကံရွာလမ်းခွဲရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သားများက မြင်းခြံမြို့ အထက ၃ ကျောင်းမှ အသက် ၁၃ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၇ ဦးကို ပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်း ကလေးငယ် ၇ ဦးသည် မြင်းခြံမြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကိုသာ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းက ပြန်လွှတ်ပေးပြီး ကျန် ကလေးငယ် ၆ ဦးကို လက်ရှိချိန်ထိ ဆက်လက် ဖမ်းဆီးထားကာ မည်သည့်နေရာသို့ ပို့ဆောင်လိုက်သည်ကို မသိရှိရသေးကြောင်း သိရသည်။
“မြင်းခြံမြို့နယ် ကံရွာလမ်းခွဲမှာရှိတဲ့ စစ်ခွေး စစ်ဆေးရေးဂိတ်က ကလေးငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေထဲက ၁၃ နှစ် အရွယ်လေးကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ သူတို့တွေကို ဘယ်မှာဖမ်းထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့် လမ်းသွားလမ်းလာ လူငယ်များ အပါအဝင် နေအိမ်ထဲထိပါ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများကလည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်းရာချီဖြင့် ရောင်းစားမှုများပါ ကျူးလွန်နေကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ညအချိန် ရပ်ကွက်များအတွင်း စစ်တပ်က ပြည်သူများကို ရှာဖွေဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
