27 C
Yangon

ကန့်ဘလူနှင့် ဆားလင်းကြီးရှိ ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Air Force One အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ ငှက်ပျောတိုင်းရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Air Force One အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲနေရာမှာက စစ်ခွေး အင်အား ၁၀၀ လောက်ရှိမယ်။ စစ်ခွေး သေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါတယ်။ အတိကျမသိနိုင်ဘူး။ ခန့်မှန်းဖို့ကို ခက်နေတယ်။ ဒရုန်း ၂ စီးနဲ့ ကျဲချ တိုက်ခိုက်ခဲ့တာပါ။ ၁ စီးပျက်ကျသွားတာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Air Force One မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ငွေကျပ် သိန်း ၇၀၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ပြီး တော်လှန်ပြည်သူများ ပူးပေါင်း ပါဝင် လှူဒါန်းပေးကြရန် Air Force One အဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာကို တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါတယ်။ သေဆုံး စာရင်းကတော့ မသိရဘူး။ ဗုံး ၃ လုံးအနက် စခန်းအတွင်း ၁ လုံးကျရောက်ပြီး ၁ လုံးကတော့ ဘန်ကာ အနီးကျရောက်ပေါက်ကွဲခဲ့တယ်။ ကျနော်တို့ တိုက်ခိုက်မှုအပြီးမှာ ဆားလင်းကြီးမြို့နယ် အတွင်း စစ်ခွေးတွေ ပတ်ကင်းထွက်တာတွေ လုပ်ဆောင်နေပါတယ်။ ပြည်သူတွေကိုတော့ စစ်ခွေးတွေ တည်နေရာ အနီးမသွားကြဖို့နဲ့ တရားမဝင်ရွေးကောက်စာ ထွက်ပေါက်မဟုတ်ဘဲ ထောင်ချောက်သာဖြစ်တယ်လို့ ပြည်သူတွေကို အသိပေး ပြောကြားချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article