နူကလီးယားအသေးစားဓာတ်ပေါင်းဖို တည်ဆောက်ရန် အနည်းဆုံး ဒေါ်လာ သန်းရာချီမှ ၁ ဘီလီယံခွဲကုန်ကျပြီး လစဉ်ထိန်းသိမ်းလည်ပတ်ခ ဒေါ်လာ ၂ သန်းအထက်တွင်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံမှာ နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်လိုသည့်အပြင် အာကာသ စူးစမ်းလေ့လာရေးအတွက် ဂြိုလ်တုလွှတ်တင်လိုသည့်အတွက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး မင်းအောင်လှိုင်က ဆွေးနွေးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ရုရှားသို့ သွားရောက်နေသည့် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် နူကလီးယား အခြေခံ ဓာတ်ပေါင်းဖို အခြေခံ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အကူအညီပေးရန် ရုရှားကို အကူအညီတောင်းခံသည့်အပြင် အာကာသ နည်းပညာ စူးစမ်းလေ့လာရေးအတွက် ဂြိုလ်တုလွှတ်တင်ရေးကိစ္စရပ်များကိုပါ ရုရှားနှင့်ဆွေးနွေးကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် စက်တင်ဘာလ ၂၆ ရက်နေ့ တွေ့ဆုံစဉ် အာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂြိုလ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသ နည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆွေးနွေးကြကြောင်း သိရှိရသည်။
ယင်းနောက် အာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှု နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်ချုပ် ဒေါက်တာစိုးမြင့်မောင်တို့က မင်းအောင်လှိုင်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
မင်းအောင်လှိုင် ပြောဆိုနေသည့် နူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးနှင့် ဂြိုလ်တု လွှတ်တင်ရေးမှာ အမေရိကန်ဒေါ်လာ ရာဂဏန်းမှ ဘီလီယံအထိ ကုန်ကျနိုင်ပြီး လစဉ် ထိန်းသိမ်းခနှင့် လည်ပတ်ခများမှာလည်း အမေရိကန်ဒေါ်လာ သန်း ဆယ်ဂဏန်းချီရှိကြောင်း နိုင်ငံတကာက တွက်ချက်ထားသော ကုန်ကျစရိတ် စာရင်းဇယားများအရ သိရှိရသည်။
မင်းအောင်လှိုင်က မြန်မာနိုင်င့တွင် ရုရှား၏ အကူအညီဖြင့် မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်လိုပြီး ယင်းနူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ တိုးချဲ့တည်ဆောက်ရန် နှစ်နိုင်ငံသဘော တူညီ လက်မှတ်ရေး ထိုးထားသည်။
မဂ္ဂါဝပ် ၁၁၀ နူကလီးယားအသေးစားဓာတ်ပေါင်းဖို တစ်ခုတည်ဆောက်ရေးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းရာချီမှ ၁ ဘီလီယံခွဲကုန်ကျပြီး လစဉ်ထိန်းသိမ်းလည်ပတ်ခ ဒေါ်လာ ၂ သန်းအထက်တွင်ရှိနေကြောင်း နိုင်ငံတကာက တွက်ချက်ထားသော ကိန်းဂဏန်းအချက်အလက်များအရ သိရှိရသည်။
ယင်းအပြင် အာကာသထဲသို့ ဂြိုလ်တုလွှတ်တင်ရေးမှာလည်း အမေရိကန်ဒေါ်လာ သန်း ဆယ်ဂဏန်းမှ သန်းရာချီ အထိကုန်ကျကြောင်း သိရှိရသည်။
