24.8 C
Yangon

တောင်ကုတ်နှင့် ကျောက်မဲတို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်နှင့်ဘုန်းကြီး ကျောင်းများ ပျက်စီး ၊ မြ၀တီမြို့နယ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေ့စဉ်လုပ်ဆောင်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်နှင့်ဘုန်းကြီးကျောင်းများ လုံး၀ ပျက်စီးကြောင်း ယင်းဒေသများကို ထိန်းချုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပ ၃ နာရီ ၄၈ မိနစ်အချိန် စစ်တပ်က တောင်ကုတ်မြို့နယ်၊ တပ်ဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသွားခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲချမှုကြောင့် တပ်ဦးဘုန်းကြီးကျောင်းတစ်ခုလုံးမှာ ပြိုကျပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ် APM က သတင်းဖော်ပြသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာကိုလည်း စစ်တပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်သဖြင့် အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်အချိန် ကျောက်မဲမြိုနယ်၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည် ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် အသက် ၆၁ နှစ်အရွယ် ပြည်သူအမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် ၁ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင်လည်း စစ်တပ်က ထိုးစစ်ဆင်များ ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် တိုက်ခိုက်လျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ဘက်သို့ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးခဲ့ပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် စစ်တပ်က အထိနာသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထီးမယ်ဝါးခီးကျေးရွာသို့ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲခဲ့ကြောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့ နှင့်စက်တင်ဘာလ ၂၆ ရက်နေ့တို့တွင်လည်း ထီးမယ်ဝါးခီးကျေးရွာထိပ်သို့ တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။

“မြ၀တီမြို့နယ်ထဲမှာတော့ နေ့စဉ် စစ်တပ်က လက်နက်ကြီးတွေပစ်တယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ တစ်ရက်မှကို မနားဘဲ စစ်တပ်က ပစ်ခတ်နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- APM ၊ TNLA။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article