27 C
Yangon

၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းမှ ခမရ ၃၁၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဒဏ်ရာများဖြင့် သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းမှ ခမရ ၃၁၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမှာ တိုက်ပွဲအတွင်း ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာတွင် KIA တပ်နှင့် စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် တနိုင်းမြို့နယ် အခြေစိုက် ခမရ ၃၁၈ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသော တပ်ရင်းမှူးကို ဆေးကုသပေးနိုင်ရေး မြစ်ကြီးနားမြို့သို့ ပြန်လည် သယ်ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဝိုင်းမော် လမြန်ရွာ တိုက်ပွဲမှာ တနိုင်းမြို့နယ် အခြေစိုက် ခမရ-၃၁၈ မှတပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရပါတယ်။ အဲဒါ မြစ်ကြီးနားကို ကားနဲ့သယ်သွားရင်းမှာ လမ်းမှာပဲ သေဆုံးသွားပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မတ်လကစပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရာ ခလရ (၅၈) တပ်၊ ဝူယန်ပြည်သူ့စစ်စခန်း၊ မြို့မရဲစခန်းမှလွဲ၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ကြောင်း၊ KIA သိမ်းပိုက်ခဲ့သော စစ်စခန်းများတွင် လမြန်ဒေသနှင့် ၀ူယန်တစ်လျှောက်မှ စစ်စခန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်က ယခင် ဩဂုတ်လ ၂၀ ရက်ကျော်ပိုင်းမှစတင်ပြီး လမြန်ဒေသသို့ ထိုးစစ်ဆင်လာကြောင်း၊ ထိုသို့ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း တောက်လျှောက်ဆိုသလို လစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီဘက်က ထိုးစစ်မဆင်ခင် စစ်တပ် က အင်အားတွေ ဖြည့်ပြီး သူတို့ စခန်းတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာတာ။ခလရ ၅၈ နဲ့ ၀ူယန် စခန်းဂိတ်တွေမှာ သူတို့ အင်အားတွေ တောက်လျှောက်ဖြည့်တယ်။ အဓိက ၀ိုင်းမော်အသိမ်းခံရမှာ ကြောက်တော့ အင်အား တိုးပြီး ချလာတယ်။ အဓိက လမြန်ကို သူတို့ ပြန်သိမ်းချင်တော့ ထိုးစစ်ဆင်နေတာ။ ၀ိုင်းမော်ဘက်ကို ထိုးစစ် မဆင်ခင် သူတို့ လက်ဦးအောင် တိုက်တာလို့ ပြောလို့ရတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ထိုးစစ်ဆင်ခြင်း၏ ရည်ရွယ်ချက်များတွင် ၀ိုင်းမော်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရည်ရွယ် ချက်ရှိပုံရကြောင်း၊ ဝိုင်းမော်ဘက်သို့ စစ်တပ်က စစ်အင်အားများ ဖြည့်တင်းရာတွင် စစ်မှုထမ်းတပ်သားသစ် အများအပြား ပါဝင်နေသည်ကို တွေ့ရကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article