25.9 C
Yangon

သာယာဝတီတွင် ဆင့်ခေါ်စာဖြင့် စစ်မှုထမ်း တပ်သားသစ် စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့် နေအိမ်များအထဲထိပါ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် ဆင့်ခေါ်စာဖြင့် စစ်မှုထမ်း တပ်သားသစ် စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့် နေအိမ်များအထဲထိပါ လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးရန် စစ်တပ်က ပျူစောထီးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားလာကြောင်း သာယာဝတီမြို့အခြေစိုက် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုသို့ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခိုင်းသော အမိန့်ကြောင့် သာယာဝတီမြို့နယ်၊ အောက်လက်ပံခုန်အုပ်စု အုပ်ချုပ်ရေးမှူး တင်စိုးက ပျူစောထီးများ ပူးပေါင်းကာ လူငယ်များကို နေအိမ်ထဲအထိပါ လိုက်လံဖမ်းဆီးလာကြောင်း၊

သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သာယာဝတီမြို့နယ် အောက်လက်ပံခုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်စိုး ဦးဆောင်သော ရာအိမ်မှူး သန်းစိုး၊ မျိုးဇော်၊ တင်လှ တို့ပါဝင်သော အဖွဲ့က မြောက်ဝါးလေးရုံရွာတွင်နေထိုင်သော ဦးကျော်လင်း၏သားဖြစ်သူ ကိုမင်းမင်း ဆိုသူကို ရာအိမ်မှူး မျိုးဇော်၏ နေအိမ်ရှေ့တွင် ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးပြီး အကြမ်း စစ်တပ်ထံသို့ စစ်မှုထမ်းအဖြစ် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် မြောက်ဝါးလေးရုံရွာတွင် နေထိုင်သော ဦးဇော်သိန်း၏သားဖြစ်သူ ကိုမျိုးကျော်ကိုလည်း အုပ်ချုပ်ရေးမှူး တင်စိုး ဦးဆောင်သော ရာအိမ်မှူးများနှင့် ပျူစောထီးများက နေအိမ်ပေါ်တက်၍ ဖမ်းဆီးပြီး ထွက်ပြေးရန် ကြိုးစားသည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကိုမျိုးကျော်ကို ကြိုးတုပ်၍ အကြမ်းဖက် စစ်တပ်ထံ ထပ်မံ သွားရောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အုပ်ကြီးနဲ့ ရာအိမ်မှူးတွေကိုက အခုနောက်ပိုင်း စစ်မှုထမ်း စုဆောင်းတာတွေက အပြင်ထွက်လာတဲ့ လူငယ်တွေကို ပဲမဟုတ်တော့ဘူး။ နေအိမ်ထဲထိပါ ဝင်ဖမ်းတဲ့ အခြေအနေ ဖြစ်နေပါပြီ အဲထဲမှာ အဆိုးဆုံးကာ အောက်လက်ပံခုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်စိုးက အဆိုးဆုံးပဲ နေအိမ်ထဲပါ ဝင်ရောက် ရိုက်နှက်ပြီး ဖမ်းခိုင်းတာ သူက လက်နက်ကိုင် ပျူစောထီးတွေပါရှိတော့ သာယာဝတီမြို့နယ်ထဲမှာ လူးပါး အဝဆုံး အုပ်ချုပ်ရေးမှူးပဲ စစ်မှုထမ်းကြေးလည်းကောက်သလို အိမ်ထဲထိလည်း ပေါ်တာဝင်ဆွဲနေပါတယ်။ တိုင်ချင်တဲ့နေရာတိုင် လိုင်းပေါ်လည်း တင်ချင်သလောက်တင် မင်းတို့ ပထွေး PDF တွေတိုင်လည်း ဂရုမစိုက်ဘူးလို့ ကြွေးကြော်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်တပ်က စစ်မှုထမ်းအပတ်စဉ်သင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုလာမည့် အောက်တိုဘာလတွင် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၈ ကို ဖွင့်လှစ်မည်ဖြစ်ပြီး လစဉ် စစ်မှုထမ်း လူငယ် ၅၀၀၀ ကို စစ်တပ်က​ ပုံမှန် ဖမ်းဆီး စုဆောင်း ခေါ်ယူလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်တချို့ကို ဖမ်းဆီးစဉ် ညှဉ်းပန်းနှိပ်စက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article