24.7 C
Yangon

ကြို့ပင်ကောက်နှင့် အုတ်ဖို မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ မြို့ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဗုံး ၁ လုံးသည်ပေါက်ကွဲခြင်းမရှိသောကြောင့် တော်လှန်ရေး ရဲဘော်များက လာရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မနေ့က မြို့ကိုင်ရွာကို ဒရုန်းနဲ့ 6Kg ဗုံးလာရောက် ကျဲချ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ နေအိမ် ၁ လုံးပျက်စီးသွားတယ်။ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် ရှင်းလင်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြို့ပင်ကောက်နှင့် အုတ်ဖို မြို့နယ် အစပ်ရှိ အလယ်ကုန်းရဲစခန်းမှ စစ်သားများက ဖလံပင်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ဒေါင်စပါးကွင်ရွာ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးပျက်စီးကာ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခုညနေလည်း အလယ်ကုန်း ရဲစခန်းကနေ ဖလံပင်ရွာကို ဒရုန်းနဲ့ ဗုံးလာကျဲချလို့ နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ နောက်ပြီး စစ်ခွေးတွေက လက်နတ်ကြီးတွေနဲ့လည်း ဒေါင်စပါးကွင်ရွာ၊ ဖလံပင်ရွာနဲ့ ရွာသစ်ရွာတို့ကိုလည်း ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေလို့ နေအိမ် ၁ လုံးပျက်စီးပြီး ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article