30.7 C
Yangon

စစ်ကိုင်းမြို့တွင်းသို့ ဝင်လာသည့် တရုတ်ပန်းသီးများ တင်ဆောင်လာသော ကားများကို စစ်တပ်က ဖမ်းဆီးပြီး တရားမဝင် ကုန်ပစ္စည်းသယ်ယူမှု သွင်းကုန်ပို့ကုန်ပုဒ်မဖြင့် တရားရုံးတင် အမှုဖွင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင်းသို့ ဝင်လာသည့် တရုတ်ပန်းသီးများ တင်ဆောင်လာသော ကားများကို စစ်တပ်က ဖမ်းဆီးပြီး တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုဖြင့် တရားရုံတင် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံရသော ကားသမားတချို့နှင့်နီးစပ်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စစ်ကိုင်းမြို့တွင်းသို့ ဝင်လာသည့် တရုတ်ပန်းသီးများ တင်ဆောင်လာသော ကား စီးရေ ၂၀ ဝန်းကျင်ခန့်ကို စစ်တပ်နှင့်ရဲများက တောက်လျှောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်နှင့်ယာဉ်ပိုင်ရှင်များအကြား နားလည်မှုဖြင့် လာဘ်ယူလွှတ်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် ကားပိုင်ရှင် တစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးက တရုတ်ပန်းသီးများသည် တရားမဝင်ကုန်မဟုတ်သဖြင့် သွားရောက် ပြောဆို ဖိအားပေးရာမှ ပြဿနာဖြစ်ပွားပြီး ပြန်လည် လွှတ်ပေးရန် ကိစ္စ ပျက်ပြယ်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်အခြေစိုက် စစ်တပ်နှင့်ရဲများက တရုတ်ပန်းသီးများ တင်ဆောင်သော ကားများအားလုံးကို သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်လိုက်ပြီး ကားများကိုလည်း သိမ်းဆည်းထားကြောင်း၊ ပန်းသီးသယ်ဆောင်သော ကားများမှ ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်များအားလုံးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

“တရုတ်ပန်းသီးသည်တဲ့ကားစုစုပေါင်း အစီး ၂၀ အဖမ်းခံရတယ်။ ပထမတော့ ၁ စီးကို သိန်း ၁၀၀ နဲ့ ညှိထားတယ်။ အဲဒီတော့ ပထမအရစ် သိန်း ၂၀ ပေးထားကြတယ်။ ဒုတိယအရစ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ပထမရုံးချိန်းမှာ သိန်း ၄၀ နဲ့ ဒုတိယရုံးချိန်းမှာ သိန်း၄၀ ပေးဖို့ ညှိထားကြတာ။ အဲဒီမှာ ကုန်းကားတစ်စီးရဲ့ ပိုင်ရှင်ရဲ့ အစ်ကိုက ဗိုလ်မှူးဟောင်းဆိုသူကနေ အမှုတွဲရှိတဲ့ စစ်ကိုင်းမြို့ထဲလာပြီး ရဲစခန်းကို ပြန်လွှတ်ဖို့ ဖိအားပေးရာကနေ မပြေမလည်ဖြစ်ကုန်ကြတယ်။ အဲဒီမှာ ရဲတွေလည်း ငွေဆက်မတောင်းရဲဘဲနဲ့ တရားဥပဒေအတိုင်းဆိုပြီး ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် တရုတ်ပန်းသီးကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ် တရားစွဲတာကတော့ ရုပ်ပေါက်တာပေါ့” ဟု ဖမ်းဆီးခံထားရသော ကားသမားတချို့နှင့်နီးစပ်သူက ပြောဆိုသည်။

တရုတ်ပန်းသီးများကို သယ်ယူသော ကားသမားများနှင့် ယာဉ်နောက်လိုက်များကို စစ်တပ်နှင့်ရဲများက စွဲဆိုထားသော သွင်းကုန်ပို့ကုန်ပုဒ်မ ၈ မှာ ထောင် ဒဏ် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့် စစ်အရာရှိများက စစ်ကိုင်းမြို့တွင်းသို့ ဝင်လာသည့် ကုန်ကားများ စစ်ဆေးမှုကို ကြီးကြပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article