30.7 C
Yangon

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ကြီးက လူငယ် ၃ ဦးကို ခိုးမှုကျူးလွန်သည်ဟု အကြောင်းပြ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် စစ်မှုထမ်း လူစားထိုးအဖြစ် ရောင်းချ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ကြီးက အဆိုပါကျေးရွာတွင် နေထိုင်သူ လူငယ် ၃ ဦးကို ခိုးမှုကျူးလွန်သည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် စစ်မှုထမ်း လူစားထိုးအဖြစ် ရောင်းချလိုက်ကြောင်း ဖမ်းဆီးခံလိုက်ရသော လူငယ်၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ည ၈ နာရီကျော်အချိန် ရှမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ကြီးနှင့် တပည့်လူမိုက်များက ရပ်ကွက်ကို မီးဖြတ်၍ နေအိမ် ၃ လုံးကို ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ စက်ရုံမှ အထည်အလိပ်များ ပျောက်ဆုံးမှုအတွက် သူခိုးဟု သံသယရှိသူများကို လိုက်လံ ရှာဖွေသည်ဟုဆိုကာ လူငယ် ၃ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ် ၃ ဦးမှာ မည်သည့်ခိုးမှုမှ ကျူးလွန်ခြင်းမရှိဘဲ လက်လုပ်လက်စား ဝင်ငွေနည်းမိသားစုများမှ လူငယ်များဖြစ်ကြောင်း သိရှိရသည်။

“ရပ်ကွက်ကို မီးဖြတ်​ပြီးတော့ အုပ်ကြီး ဇော်ကြီးနဲ့ တပည့်တွေက အိမ်တွေထဲအထိ လူငယ်တွေကို ဝင်ဖမ်းတာ။ သူတို့ အပြင်မှာ သတင်းပြန်လွှင့်တာက စက်ရုံက အထည်အလိပ်တွေ ပျောက်လို့ သူခိုးဖမ်းတာဆိုပြီး သတင်းလွှင့်တယ်။ နောက်ပြီး သူ ဖမ်းတဲ့လူငယ်တွေက ဆေးသုံးနေတဲ့သူတွေဆိုပြီးတော့လည်း အပြင်မှာ သတင်းထုတ်တယ်။ လူငယ်တွေအခု စစ်မှုထမ်း အပတ်စဉ် ၁၇ ကို အပို့ခံလိုက်ရတယ်။ သူတို့ကို သိန်း ၅၀ နဲ့ လူစားထိုး ရောင်းစားသွားတယ်ဆိုတာကို ဖုန်းဆက်ပြီး မိသားစုကို အသိပေးတယ်” ဟု ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မကွေးဒေသမှ လာရောက်ပြီး ရှမ်းချောင်းကျေးရွာတွင် ဆေးဆိုင် ၂ ခုဖွင့်လှစ်လုပ်ကိုင်နေသော ဆိုင်ပိုင်ရှင်တစ်ဦးကိုလည်း လူမှုကွန်ရက်တွင် ၎င်း၏ အကြောင်းတင်သည်ဟုစွပ်စွဲခြင်း၊ မှတ်ပုံတင်အမှတ် ၈/ ဖြစ်၍ PDF ထောက်ပို့ဟုဆိုကာ စွပ်စွဲပြီး ဆေးဆိုင်များကို ဖွင့်ခွင့်မပေးဘဲ ချိတ်ပိတ်လိုက်ကြောင်း သိရှိရသည်။

“ရှမ်းချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ နေလာတဲ့သူ မကွေးဒေသခံက ဖွင့်ထားတဲ့ ဆေးဆိုင်နှင့် ငွေထုတ်ငွေလွှဲ လုပ်နေတဲ့ ချမ်းသာကြီး ဆေးဆိုင် ၂ ဆိုင်ကို သူ့အကြောင်း လူမှုကွန်ရက်တင်တာ၊ ပြီးတော့ မကွေး မှတ်ပုံတင် ၈/ ၊ နတ်မောက် ဇာတိဖြစ်လို့ဆိုပြီး ဆိုင်ဖွင့်ခွင့်မပေးဘဲ ချိတ်ပိတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ကြီးသည် လူမိုက်များကို လက်သပ်မွေးမြူပြီး ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်မှုများ တောက်လျှောက်ဆိုသလို လုပ်ကိုင်နေကြောင်း​ ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ- ညအချိန် စစ်တပ်နှင့်ရဲများက ပြည်သူများကို ဧည့်စာရင်းအကြောင်းပြ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article