ရန်ကုန်၊ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် လှေဖြင့် သွားလာနေသော လူငယ်များကို အင်းသူကြီးများက ငါးခိုးဖမ်းသည်ဟု စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် စစ်မှုထမ်းရန် ရောင်းစားနေကြောင်း ဖမ်းဆီးရောင်းစားခံရသော လူငယ်များနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုစက်တင်ဘာလ အတွင်း ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု အင်းသူကြီးနိုင်ဝင်းသည် ကျေးရွာအုပ်စုအတွင်း နေထိုင်သော ကိုဟိန်းမင်းထက်ကို ၎င်းပိုင်ဆိုင်သော အင်းအတွင်း ငါးခိုးဖမ်းသည်ဟုဆိုကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် လှေကို သိမ်းယူကာ ရှားခဲကျေးရွာအုပ်စု ပျူစောထီး ခေါင်းဆောင် လွင်ဦး ထံသို့ ပို့ဆောင်ပြီးနောက် ထိုမှ တဆင့် အထောင်ရဲစခန်းတွင် ဖမ်းဆီးကာ ငွေကြေး တောင်းခံခဲ့ကြောင်း သိရသည်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသော ကိုဟိန်းမင်းထက်သည် ငွေကြေးဆင်းရဲသူဖြစ်သောကြောင့် ၎င်းတို့ တောင်းခံသော ငွေကို ပေးဆောင်နိုင်ခြင်းမရှိသောကြောင့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် ခလရ-၃၆ သို့ ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှားခဲအင်းအဖွဲ့သည် အင်းအတွင်း ဖြတ်သွားဖြတ်လာသော လူငယ်များကို သူခိုးဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်လေ့ရှိပြီး လူသေသည့်အထိ ဥပဒေမဲ့လုပ်ဆောင်နေသော်လည်း အရေးယူခြင်းမရှိဘဲ ယခင် အုပ်ချုပ်ရေးမှူး သိန်းတန် နှင့် ယခု စစ်တပ်က အသစ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများက အကာကွယ်ပေးနေသောကြောင့် စစ်မှုထမ်း အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပေးခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ကျုံပျော်မှာ ရှားခဲအင်းအဖွဲ့က ကောင်တွေက တော်တော်ဆိုးတယ်။ သူတို့ မသင်္ကာရင် ဖမ်းဆီးသတ်ဖြတ်မှုတွေပါ ကျူးလွန်နေတာ ဘယ်သူမှလည်း အရေးမယူဘူး။ အခုနောက်ပိုင်းက လူငယ်တွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပေးမှုတွေပါ ကျူးလွန်လာပါတယ်။ ပျူစောထီး ခေါင်းဆောင် လွင်ဦးကလည်း အင်းသူကြီးနဲ့ ပူးပေါင်းပြီး စစ်တပ်ထံ လူငယ်တွေကို ဖမ်းဆီး ရောင်းစားနေတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။
ဓာတ်ပုံ- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို စစ်တပ်နှင့်ရဲများက ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။
