25.6 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အမေရိကန် သမ္မတအိမ်ဖြူတော်ရှေ့ တွင် မြန်မာတက်ကြွလှုပ်ရှားသူများ ၂ ရက်ဆက်တိုက် တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့နှင့် တရုတ်သံရုံးရှေ့တို့တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရတာ ကျန်းမာရေးမကောင်းဘူးလို့ အသံကြားတယ်။ အရမ်းစိုးရိမ်တယ်။ အမြန်ဆုံးလွှတ်ပေးဖို့ စုရုန်းတောင်းဆိုတာ။ ဗမာပြည်သူတွေအစား (အိမ်ဖြူတော်ရှေ့မှာ အခုလိုတောင်းဆို) ပြောပေးနေတာ ဖြစ်တယ်။ အခုဆန္ဒပြပွဲမှာ ပါဝင်နေတဲ့သူတွေလည်း နေပူမိုးရွာမရှောင် အိမ်ဖြူတော်ရှေ့မှာ ဆန္ဒလာပြကြတာပါ”ဟု Women For Myanmar, D.C Metro Area၏ ခေါင်းဆောင် မမူမူက ရန်ကုန်ခေတ်သစ်ကို ပြောသည်။

တရုတ်က အတုယောင်ရွေးကောက်ပွဲကိုကူညီမယ်ဟု အတိအလင်းပြောလိုက်သည့်အတွက် ရန်သူဖြစ်သွားပြီဖြစ်ပြီး စစ်ကောင်စီသည် တစ်သက်လုံးမတည်မြဲနိုင်သည့်အတွက် ပြည်သူများ၏ ဆန္ဒကို လိုက်မလား လက်တစ်အုပ်စာလူများ၏ဘက်ကို လိုက်မလားဆိုသည်ကို တရုတ်ကို မေးချင်ကြောင်း ၎င်းက ပြောကြားသည်။

“အမေစုကို ချစ်လို့၊ အမေစု လွတ်ဖို့ လာတောင်းဆိုတာပါ။ လူတွေ နေ့တိုင်း သေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ မြန်မာပြည်ကို လူတွေ ပြန်လို့ရစေချင်တယ်။ စစ်ပွဲတွေရပ်စေချင်တယ်။ ရန်မဖြစ်စေချင်တော့ဘူး”ဟု အိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲတွင် လာရောက်ဆန္ဒပြတောင်းဆိုခဲ့သည့် အသက် ၁၁ နှစ်အရွယ် San Universe Kyaw က ဆိုသည်။

“ဒီကလူတွေ(အမေရိကန်)ကို ကျွန်တော့်နိုင်ငံမှာ ဖြစ်နေတဲ့အရာတွေကို သိစေချင်တာ။ ကျွန်တော် သမ္မတ (ထရန့်)ကို သိစေချင်တယ်။ သူ့အနေနဲ့ အပြောင်းအလဲ လုပ်စေချင်တယ်။ အမေရိကန်အစိုးရက ကျွန်တော်တို့ကို ကူညီစေချင်တယ်။ (မြန်မာ)နိုင်ငံထဲက အကြမ်းဖက်မှုတွေကို ရပ်စေချင်တယ်။ ငြိမ်းချမ်းရေးနဲ့ ချမ်းသာရေးပဲ အရမ်းလိုချင်တယ်။ ကျွန်တော့်ဆန္ဒက အဲ့ဒါပါပဲဟု အဆိုပါဆန္ဒပြပွဲတွင် ဝင်ရောက်ဆန္ဒပြတောင်းဆိုခဲ့သည့် အသက် ၁၃ နှစ်အရွယ်လူငယ်တစ်ဦးက ပြောသည်။

အဆိုပါဆန္ဒပြပွဲကို Women For Myanmar, D.C Metro Area အဖွဲ့က ဦးဆောင်ကာ တက်ကြွလှုပ်ရှားသူမြန်မာများက စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် ၂ရက်ဆက်တိုက် အိမ်ဖြူတော်ရှေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article