25.9 C
Yangon

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Bi Yi စက်ရုံတွင် မြန်မာအလုပ်သမား ၂၀၀ ကျော် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်ခံနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Bi Yi စက်ရုံတွင် မြန်မာအလုပ်သမားများ ၂၀၀ ကျော် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး အလုပ် သမား အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် လရောင်ခရိုင် ဘန်ခိုင်းမြို့ရှိ Bi Yi စက်ရုံတွင် S & T Trading Co.Ltd., အေဂျင်စီမှ တစ်ဆင့် မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး အေဂျင်စီနှင့် စကားပြန်များပေါင်း၍ အလုပ်သမားများ၏ အကျိုး ခံစားခွင့်များကို ခေါင်းပုံဖြတ်ခံရနေကြောင်း၊ S & T Trading Co.Ltd., အေဂျင်စီမှ လူရှာ ပွဲစား နန်း‌ရွှေလှသည် Bi Yi စက်ရုံအတွက် မြန်မာအလုပ်သမားများကို စမတ်ကြေး ရယူကာ အလုပ်သွင်းပေးထားခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်ရုံမှ တရုတ်စကားပြန်များမှာလည်း နန်းရွှေလှ၏ သားနှင့် တူ ဖြစ်သူတို့ ဖြစ်ကြောင်း၊ အလုပ်သမားများ၏ လစာစလစ်က အစ မပေးသည့်အပြင် တရားဝင် ထိုင်းအစိုးရသတ်မှတ်ပေးထားသည့် ရုံးပိတ်ရက်များတွင် အလုပ် အတင်းအကျပ်ဆင်းခိုင်းပြီး လုပ်အားခကိုလည်း အချိန်ပိုကြေး သတ်မှတ်နှုန်းထားအတိုင်း မပေးကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

စက်ရုံသည် တရုတ်လူမျိုးပိုင်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် ဘာသာစကားအခက်အခဲကြောင့် စက်ရုံမှ လူကြီးပိုင်းများနှင့် အဆက်အသွယ် မလုပ်နိုင်သည့်အပေါ် နန်းရွှေလှနှင့် စကားပြန်များက အလုပ်သမားများ၏ ခံစားခွင့်များကို ခေါင်းပုံဖြတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စက်ရုံက တရုတ်စက်ရုံမို့ ခံစားခွင့်အကုန်ပေးပါတယ်။ အလုပ်တစ်ခု ပြောင်းရ ရွှေ့ရတာ၊ ရှာရတာမလွယ်ကူလို့ အားလုံးက သည်းခံနေကြရတာပါ။တဖြည်းဖြည်းအရမ်းလွန်လာလို့ပါခုဟာက။ ပုံမှန် အစိုးရရုံးပိတ်ရက်လိုဟာမျိုးကိုတောင် တစ်ဆပဲပေးပြီး သူ့အိတ်ထဲ ထည့်ဖို့ ထိ သူလုပ်လာလို့ပါ”ဟု စက်ရုံအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ တရားဝင် MoU နှင့် လာသည့် အလုပ်သမားများကိုလည်း ကျန့်ခေါက် (သူဌေးပြောင်း) ခများ ကောက်ခံကာ ကျန့်ခေါက်ပြီးပြီဟူ၍ ပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် လုပ်မပေး၍ MoU မြန်မာအလုပ်သမားအချို့ အ ထောက် အထားမဲ့ ဖြစ်ခြင်းပါ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

“ MoU သမားတွေလည်း သက်တမ်းသေကုန်ပြီ ။ ကျန့်ခေါက်ခတွေ ကောက်ပြီး မလုပ်ပေးဘဲ ကျန့်ခေါက်ပြီးပြီဆိုပြီး လိမ်တယ်။ အလုပ်ပြောင်းမရတော့ဘူး။ သူလုပ်လို့ အခု MoU သမားတွေလည်း လာမယ့် ဘတ်ဖွင့်မယ့် အချိန်ကို ပြန်စောင့် ဘတ်ရိုက်ပြီး နေရတော့မှာပါ” ဟု စက်ရုံအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

အလုပ်သမားများကို ခေါင်းပုံဖြတ်နေသည် ပွဲစား နန်းရွှေလှသည် ရှမ်းပြည်နယ် လားရှိုးမြို့ ဇာတိဖြစ်ပြီး ၎င်း အေဂျင်စီနှင့် ဆက်စပ်သည့် စက်ရုံမှ အလုပ်သမားတိုင်းကို ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခ သတ်မှတ်နှုန်းထားများ မပေးခြင်းများ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း အလုပ်သမားများ ထံမှ သိရှိရသည်။

“သူနဲ့ အလုပ်စမတ်ရင် စမတ်ကြေး ထိုင်းဘတ် ၇ ထောင်ဝန်းကျင်ထိ ပေးရပါတယ်။ လစာထွက်ရင်တောင် Slip လုံးဝမပါပါဘူး။ လူ၂၀၀ ကျော်လောက်က သူ လူပါးဝသမျှ ငုံ့ခံနေကြရတာပါ။ အထောက်ထားတွေ သေတဲ့သူက သေကုန်ကြတော့ ရှေ့တိုးမရ နောက်ဆုတ်မရတွေပါ”ဟု Bi Yi စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

S & T Trading အေဂျင်စီက တရုတ်နိုင်ငံသားပိုင် အလုပ်ရှာဖွေရေး အေဂျင်စီဖြစ်ပြီး တရုတ်စက်ရုံများကို လိုက်ချိတ်၍ လူရှာပေးခြင်း ဖြစ်ကြောင်း၊ နန်းရွှေလှက စမတ်ကြေးယူ လူရှာ လူထည့်ခြင်း အပြင် အလုပ်သမားများကို ခေါင်းပုံဖြတ်နေခြင်း ဖြစ်ကြောင်း၊ စက်ရုံတွင် ပုံမှန် ပကန်စခွန်ခ ဖြတ်သော်လည်း စာရွက်စာတမ်း မပေး၍ နေမကောင်းဖြစ်ပါက အပြင်ဆေးခန်းတွင် ငွေကုန်ခံပြနေရကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

“သူ့အကြောင်းကို NUG အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းက အလုပ်သမားအဖွဲ့အစည်းတွေကိုလည်း သိစေချင်တယ်။ အဲဒီပွဲစားအမျိုးသမီး နန်းလှရွှေက အရင်ကတည်းက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာတွေ အများကြီး လုပ်ခဲ့တာ အခုလည်း ဆက်လုပ်နေလို့ တားဆီးဟန့်တားစေချင်တာ” ဟု ပွဲစား၏ လိမ်လည်မှုကြောင့် MoU အထောက်အထားမဲ့ ဖြစ်ခဲ့ရသူ စက်ရုံအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article