စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာမြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ကျောက္ကာမြောက်ရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ထို စစ်သားများသည် ကျေးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုင် ခိုးယူသွားပြီး စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာနေပြည်သူ ၇၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွှေဂူနီဘုရားတွင် တပ်စွဲပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျောက္ကာမြောက်ရွာ၊ ကျောက္ကာတောင်ရွာနှင့် ရေနံကုန်းတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးတွေက ပစ္စည်းတွေ ယူနေတယ်လို့ပဲ သိရတယ်။ ပြည်သူတွေက အခုထိ အိမ်ပြန်၀င်လို့ မရသေးဘူး။ တောင်ရွာကော မြောက်ရွာကော ပြည်သူတွေကတော့ အခုထိရှောင်နေရတုန်း စစ်ခွေးတွေက မီးရှို့တယ်လို့တော့ ကြားတယ်။ ရှင်းလင်းရေးက ခုထိ၀င်မရသေးတော့ အိမ်ခြေက မသိရသေးပါဘူး” ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ စီးပွားရေး တက္ကသိုလ်မှ ထွက်လာသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျောက္ကာရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က မုံရွာ – အရာတော် လမ်းပိုင်းရှိ ကျောက္ကာရွာရွှေဂူနီဘုရား – ရွှေဂူဖြူဘုရား တို့တွင် ဂိတ်စခန်းဖွင့်၍ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၁ ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
