ရန်ကုန်၊ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များနှင့် စစ်ရှောင်များ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းတွင် သေနတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း The voice of wetlet madayar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က စတင်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့ပေါ်ရှိ ချင်းစုရပ်ကွက်နှင့် ဧမြဝတီရပ်ကွက် တို့ကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့ တာရိုးကြီး အနောက်ခြမ်း ဘော်ဂါရပ် ၊ ငါးထပ်ကြီး နှင့် ဘော်ဂါတောင်မြောက်ရပ်တို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ်များ ပစ်ဖောက်ကာ လူငယ်များကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်သားများသည် စစ်ကိုင်းမြို့ အနောက်တာရပ်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးကို “စစ်ရှောင်တွေကိုဝင်ပြီး အာမခံမနေနဲ့ စစ်ရှောင်တွေရှိတဲ့ကျောင်းလည်း ဝင်ဆွဲရင်ဆွဲမှာ” ဟု ပြောဆိုသွားကြောင်း သိရသည်။
“စစ်ခွေးတွေက မြို့ပေါ် နေရာအနှံ့ကို သေနတ်တွေ ပစ်ဖောက်ပြီး ပေါ်တာဝင်ဆွဲတာ လူငယ်တွေ ဘယ်နှဦးလောက် ဖမ်းဆီးခံရလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခုမြို့ပေါ်မှာလည်း ပြည်သူတွေက ကြောက်လန့်နေကြတယ်။ ကျနော်တို့လည်း ဆက်လက် စုံစမ်းနေပါတယ်” ဟု The voice of wetlet madayar မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်ထိ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက စစ်ကိုင်းမြို့ အနှံ့တွင် အိမ်စီးကားများဖြင့် လှည့်လည်နေကြောင်း သိရသည်။
