စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖန်းခါးဇင်ရွာ ဘုန်းကြီးကျောင်းနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ် ဖန်းခါးဇင်ရွာ ဘုန်းကြီးကျောင်း အပါအဝင် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို Gyrocopter ၃ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ဖန်းခါးဇင်ရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသည်ဟု ကနဦး သိရကြောင်း၊ လက်ရှိချိန်တွင် ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” မနေ့ မွန်းလွဲပိုင်းမှာ နမခက တက်လာတဲ့ Gyrocopter ၃ စီးက ရေဦးနယ်မြောက်ဘက်ခြမ်း ဖန်းခါးဇင်ရွာဘုန်းကြီးကျောင်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိရွာတွေကို ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ တန့်ဆည်နယ် တောင်ဘက်ခြမ်းက ဘယ်ရွာတွေကို ကျဲသွားလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခုကျဲခံရတဲ့ ရွာတွေက ရေဦးမြောက်ခြမ်းနဲ့ တန့်ဆည်တောင်ခြမ်း မြို့နယ် ၂ ခု အစပ်က ရွာတွေပါ။ ဖန်းခါးဇင်ရွာက အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့တော့ ကနဦး သိထားရတယ်” ဟု ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးသည် စက်တင်ဘာ ၂၂ ရက်နေ့တွင် မိတ္ထီလာရှမ်းတဲလေတပ်မှ နမခကို ရောက်ရှိလာပြီးနောက် ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အတွင်းကို စတင် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် နမခ အနီးရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြင်းမူမြို့နယ် ၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်ရှိ ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များ သတိပြုနေထိုင်ကြရန် ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ဆက်လက်ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ရှိ ကံတောင်ကျေးရွာနှင့် မာလဲကျေးရွာသို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၄ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“ဗုံးကျဲချခံရတာက ကျေးရွာ ၂ ခုပါ။ မာလဲနဲ့ ကံတောင်ရွာကို ဗုံးကျဲချတာ။ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရပါတယ်။ အဲဒီဘက်တွေမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒီအတိုင်း ဗုံးနဲ့လာကျဲချသွားတာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
