29.2 C
Yangon

စလင်းတွင် တော်လှန်ရေးထောက်ပို့ ၁ ဦး ပေါ်တာဆွဲခံရရာမှ စစ်မှုထမ်းဖြစ်လာသော တပ်သားသစ် ထက်မြက်ထွန်း သေနတ် ၁ လက် ယူဆောင် အလင်းဝင်၊ သရက်ချောင်းတွင်လည်း ခမရ ၄၀၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ် တံတားတွင် အခြေပြုတပ်စွဲထားသော ခလရ ၂၅၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁လက်နှင့် ခဲယမ်များယူလာသဖြင့် ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း၁၀၀ ချီးမြှင့်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၂၀ရက်နေ့ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ၊ နွယ်တမယ် တံတားဂိတ်ရှိ တာဝန်ကျစဥ် ခလရ ၂၅၄ တပ်ရင်းမှ စစ်မှုထမ်း တပ် သား သစ်ထက်မြတ်ထွန်းက သေနတ် ၁လက် ယူဆောင်လာပြီး မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ထက်မြတ်ထွန်းက စစ်ပညာသင်တန်း အပတ်စဉ် ၁/၂၀၂၄ သင်တန်းတက်ရောက်ခဲ့ပြီး MA-2 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ဘောက်ဝိုင်း ၁ ခု ၊လက်ပစ်ဗုံး ၁လုံး ၊ ၅.၅၆ ကျည် ၁၄၅ တောင့် ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ထက်မြတ်ထွန်းသည် ယခင်က တော်လှန်ရေးထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ခုနှစ်၇ လပိုင်းတွင် လမ်းပေါ်တွင် ပေါ်တာဆွဲခံရပြီး ပြင်ဦးလွင် – မန္တလေး​ ကြား မန္တလေးစုဆောင်းရေးတပ် ၉၁၀တွင် ၃လ နောက်မှ တောင်ကြီး ဟိုပုံးမြို့တွင် ၆လ သင်တန်းတတ်ရောက်ခဲ့ကာ ပခုက္ကူ တပ်မ ၁၀၁ တွင်ရောက်ရှိကာ အဲဒီမှ တဆင့် ခလရ – ၂၅၄ တပ်ရင်းရောက်ရှိခဲ့ပြီး အလင်းဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ကိုဖိုးထက် ခ ကိုထက်မြတ်ထွန်း ၂၀ရက်နေ့က လက်နက်နဲ့အတူ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်းသင်တန်းကိုတောင်ကြီး ဘက် ဟိုပုံးမြို့ မှာတက်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက ဘယ်လိုမျိုး ချိတ်ဆက်ဝင်ရောက်လာတာလဲဆိုတော့ သူဇာတိဘက်ကနေ သူညီမှတဆင့်ကြားခံ တစ်ယောက်နဲ့ ကျွန်တော်တို့တပ်ရင်းက စခန်းမှူးဆီချိတ်ဆက်ခဲ့တာပါ။ မြို့နယ်ထဲမှာ ရှိနေတဲ့အတွက် သွားရောက်ကြိုခဲ့တာပါ သူတပ်အထိုင်တည်ရာက။ အလင်းဝင်ရောက်လာတဲ့သူက သူနေထိုင်တာကတော့ မြင်းခြံဘက်ကပါ။ စိတ်ချရအောင် သူနယ်မြေထိ ပို့ဆောင်ခဲ့ပေးပြီးမှ သည်သတင်းကို တင်ခဲ့တာပါ။ ကိုဖိုးထက်က ယခင်က PDF အဖွဲ့အစည်းတစ်ခုရဲ့ ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ပြင်ဦးလွင် မန္တလေးကြားမှာ ပေါ်တာဆွဲခံ ခဲ့ရတာဖြစ်ပါတယ်။ မိမိ ကိုယ်တိုင် အမှားအမှန် ခွဲခြားပြီး၊ ပြည်သူလူထု ဘက်ကနေ ရပ် တည်ပြီး။ အကြမ်းဖက် အာဏာရှင် လက်အောက်ကနေ ရုံးထွက်ခဲ့မဲ့ မည်သူမဆို မင်းဘူးခရိုင်အတွင်း တော်လှန်ရေးအဖွဲ့များက ကြိုဆိုလျက်ပါလို့ “ဟု မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထိုအလင်းဝင်လာသူ စစ်မှုထမ်း တပ်သားသစ် ထက်မြတ်ထွန်းအား မင်းဘူး ခရိုင်၊ အမှတ်(၅) တပ်ရင်းမှ သိန်း ၁၀၀ ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလို အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပူးပေါင်းပါဝင်ချင်သူများကိုလည်း မင်းဘူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက်ရှိကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းက အသိပေးနှိုးဆော်ထားသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၄၀၅ တပ်ရင်းရင်းမှ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ်ယူလာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း ဒူရက စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ် ၄၀၅ တပ်ရင်းရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ်ယူလာခြင်းမရှိဘဲ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ဒူရကစစ်ကြောင်းထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူကတော့ ၄၀၅ တပ်ရင်းကပါ။ သေနတ်ကတော့မပါပါဘူး။ စစ်မှုထမ်း တပ်သားသစ် အမည်ကတော့ မောင်ဝေပါ။ စစ်မှုထမ်း သင်တန်းကိုတော့ တောင်ငူမြို့နယ် အုတ်ကွင်းမှာ တက်ရောက်ခဲ့ပါတယ်၊ စစ်မှုထမ်း သင်တန်းအပတ်စဉ်ကတော့ ၁၁ ကပါ။ အလင်းဝင်လာတာကတော့ စက်တင်ဘာ ၁၇ ရက်နေ့ ဝင်ရောက်လာတာပါ “ဟု ဒူရက စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article