29.2 C
Yangon

စစ်တပ်က ရိုဟင်ဂျာများ၏ ကျေးရွာများ၊ ဗလီများ၊ မြေယာ၊အိုးအိမ်၊ ပိုင်ဆိုင်မှုများကို စနစ်တကျ ဖျက်ဆီးပြီး နယ်ခြားစောင့်တပ်စခန်းများ ဆောက်လုပ်ခဲ့၊ အေးရှားဝေါလ် ၊ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အပါအဝင် စီးပွား ရေးလုပ်ငန်းများက အကျိုးအမြတ်ရယူခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်တွင် အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာများ၏ ကျေးရွာများ၊ ဗလီများ၊ မြေယာ၊အိုးအိမ်၊ ပိုင်ဆိုင်မှုများကို စနစ်တကျ ဖျက်ဆီး သိမ်းယူပြီး နယ်ခြားစောင့်တပ်စခန်းများ ဆောက်လုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမှ အကျိုးအမြတ်ရရှိခဲ့သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား-IIMM ၏ အစီရင်ခံစာတွင် တရားဝင် ထုတ်ဖော်ထားသည်။

ယမန်နေ့ထုတ်ပြန်လိုက်သော IIMM ၏အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများ၏ နေအိမ်များ၊ လယ်ယာများ၊ ဗလီများနှင့် အခြားပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်းနှင့် သိမ်းယူခံရခြင်းများကို ဖော်ပြထားပြီး ယင်းအစီရင်ခံစာတွင် ရိုဟင်ဂျာများ ကာလကြာရှည်စွာတည်ရှိခဲ့သည့် အထောက်အထားအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အခြေစိုက်စခန်းများ ဆောက်လုပ်ခြင်းအပါအဝင် သိမ်းယူထားသော မြေယာများကို အသွင်းပြောင်းပြီး ပြန်လည်အသုံးပြုရာတွင် ပါဝင်ခဲ့ကြသည့် မြန်မာ လုံခြုံရေးတပ်ဖွဲ့များ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားပါဝင်သူများကိုလည်း ဖော်ထုတ်ထားသည်။

“၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများ၏ မြေယာနှင့်အိုးအိမ်များ ဖျက်ဆီးခံရခြင်းနှင့် သိမ်းယူခံရခြင်း – အများပြည်သူဖတ်ရှုရန် အစီရင်ခံစာအကျဉ်းချုပ်” ဟု ခေါင်းစဥ်ရှိသည့် အဆိုပါ အစီရင်ခံစာကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပမည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံ မတိုင်မီ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါညီလာခံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ အင်အားသုံး၍ ဖယ်ရှားခံရသော ရိုဟင်ဂျာတစ်သန်းကျော်တို့၏အခြေအနေကို နိုင်ငံ တကာ၏ အာရုံစိုက်မှုရရှိရန်နှင့် အဖြေရှာရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

“ရိုဟင်ဂျာတွေအတွက် လုံခြုံပြီး သူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ရေရှည်ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့အခါ၊ သူတို့တွေကို မြန်မာနိုင်ငံတွင်း ပြန်လာခွင့်ပေးရမယ်ဆိုတဲ့အချက်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအများစုအတွက် သူတို့ရဲ့ နေအိမ်မပြောနဲ့၊ ပြန်ဖို့ ရွာတောင် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ပြီး ရေရှည်ငြိမ်းချမ်းစေဖို့အတွက် သူတို့ရဲ့ လူမှုအသိုက်အဝန်းတွေကို ပြန်လည်တည်ဆောက်ခွင့်ပြုရမှာဖြစ်ပြီး၊ လုံလောက်တဲ့ ကုစားမှု ဒါမှမဟုတ် အကူအညီများပေးဖို့ အထူးကြိုးပမ်းရမှာ ဖြစ်ပါတယ်” ဟု IIMM ယန္တရား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဆိုသည်။

IIMM ၏ အစီရင်ခံစာတွင် ကိုယ်တိုင်တွေ့ကြုံခဲ့သည့် သက်သေများ၏ထွက်ဆိုချက်များ၊ ဂြိုဟ်တုပုံရိပ်များ၊ ဗီဒီယိုမှတ်တမ်းများ၊ တရားဝင်မှတ်တမ်းမှတ်ရာများနှင့် စာရွက်စာတမ်းများကို အခြေခံ၍ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအုပ်စု ၇ စုကို အဓိက လေ့လာထားကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုတစ်စုစီတွင် ၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာများ ထွက်ပြေးသွားပြီးနောက်ပိုင်း၊ ၎င်းတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့ တချိန်ကနေထိုင်ခဲ့သည့်မြေနေရာများတွင် BGP အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

ဥပမာအားဖြင့် မြို့သူကြီးကျေးရွာအုပ်စုတွင်၊ ရိုဟင်ဂျာမိသားစုများစွာ၏ မျိုးရိုးစဥ်ဆက်အလိုက် မြေယာပိုင်ဆိုင်မှုအထောက်အထားများကို ခြေရာခံနိုင်ပြီး၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုမတိုင်မီက အိမ်ခြေပေါင်း ၈၀၀ ကျော်၊ ဆိုင်များ၊ စျေးများနှင့် ဗလီများရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ရောက်သည့်အခါ မြေဧကပေါင်း ၄၁၁ ဧကကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ယခင်ရိုဟင်ဂျာကျေးရွာများ တည်ရှိခဲ့သည့် နေရာတွင် ကျယ်ပြန့်သည့် BGP အခြေစိုက်စခန်းတစ်ခု ဆောက်လုပ်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း IIMM က ပြောသည်။

IIMM ၏ အစီရင်ခံစာတွင် ရိုဟင်ဂျာကျေးရွာများကိုဖျက်ဆီးခြင်းနှင့် BGP အခြေစိုက်စခန်းများဆောက်လုပ်ခြင်းတို့မှ အကျိုးအမြတ်ရရှိခဲ့သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများစွာကို ဖော်ပြထားကြောင်း၊ ယင်းတို့တွင် ပြည်ထဲရေးဝန်ကြီးဌာနက BGP စခန်းများ တိုးချဲ့ရေးအတွက် ငွေကြေးထောက်ပံ့မှုနှင့်ညွှန်ကြားမှုများပြုလုပ်ခဲ့ခြင်းအပါအဝင်၊ သိမ်းယူထားသောရိုဟင်ဂျာပိုင်မြေများကို BGP က တိုက်ရိုက်အပိုင်စီးအသုံးပြုခြင်း၊ Asia World ကုမ္ပဏီနှင့် အခြားသော စီးပွားရေးလုပ်ငန်းများက အခြေစိုက်စခန်းများ၊ လမ်းများနှင့် လုံခြုံရေးစခန်းများ ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။

IIMM က အသေးစိတ်စိစစ်သုံးသပ်ထားသည့် လျှို့ဝှက်အစီရင်ခံစာအပြည့်အစုံကို သက်ဆိုင်ရာ နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရေးအာဏာပိုင်များထံ မျှဝေရန်ပြင်ဆင်ထားကြောင်း၊ အစီရင်ခံစာအပြည့်အစုံတွင် သက်သေနှင့် အချက်အလက်ရင်းမြစ်များပါ၀င်ကာ ပြစ်မှုများအတွက်တာဝန်ရှိနိုင်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ထားကြောင်း၊ မြန်မာနိုင်ငံရှိ ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် သို့မဟုတ် နစ်နာခဲ့သူများအတွက် ကုစားမှုဆိုင်ရာလုပ်ငန်းများတွင် အထောက်အကူပြုရန် မျှော်လင့်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- Reuters ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article