ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေ၍ မြို့ပေါ် နေရာတချို့တွင် မီးများ လောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ပေါ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ သစ်တောရုံးနှင့် ရဲစခန်း အပါအဝင် ဌာနဆိုင်ရာ အဆောက် အဦးများ မီးလောင် နေပြီး မြို့ပေါ် အခြေအနေမှာလည်း ရှုပ်ထွေးနေကြောင်း သိရှိရသည်။
“စစ်တပ်က လက်နက်ကြီးတွေကော ဒရုန်းတွေနဲ့ကော ဆက်တိုက်ကို ကျောက်မဲမြို့ပေါ်ကို ပစ်ခတ် တိုက်ခိုက်နေတာ နောက်ပြီး သစ်တောရုံးနဲ့ ရဲစခန်းလည်း မီးလောင်နေတယ်။ တိုက်ပွဲကလည်း ဆက်ဖြစ်နေတုန်းပဲ စစ်တပ် စစ်ကြောင်းက မြို့နားထိ ကပ်လာတာတော့ ဟုတ်တယ်။ မြို့ပေါ် ရောက်မရောက်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ မြို့ပေါ် အခြေအနေတွေက ရှုပ်ထွေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော စစ်တပ်က ကျောက်မဲမြို့နှင့်အနီးစပ်ဆုံး ၄ မိုင်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျောက်မဲမြို့ စစ်ရေးအခြေအနေမှာ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုသည်။


