25 C
Yangon

သထုံမြို့နယ်၊ ကရင်လေးဆိပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသက် ၁၃ နှစ် အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာကို အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးကျောင်းနှင့် သိမ်ဆိပ် ရဲစခန်းမှ စစ်သားနှင့် ရဲများ ပူးပေါင်းထားသော အင်အား ၅၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို စစ်ကြောင်းသည် ကရင်လေးဆိပ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ်၊ အသက် ၄၀ နှစ်အရွယ် ၊ အသက် ၅၀ နှစ်အရွယ် အမျိုးသားများနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားသော ပြည်သူများကို အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရွာထဲကို ဝင်စီးပြီး ပြည်သူတွေကို ဖမ်းဆီးသွားတာ ကျောင်းတတ်နေတဲ့ ကလေးတွေပါ ပါသွားတယ်။ အမျိုးသမီးတွေရောပဲ လေ့ကျင့်ရေး ၉ က လှုပ်ရှားတပ်ဖွဲ့နဲ့ သိမ်ဆိပ်ရဲစခန်းက ရဲတွေ စုစုပေါင်း အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ပြည်သူ ၃၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အလယ်တန်းကျောင်းသားတွေရော ကလေးမလေးတွေရော တစ်ခြား အမျိုးသမီးလေးတွေရော ဘာမှမဖြစ်ဘဲနဲ့ ဝင်ဖမ်းသွားတာ အဲနားက အာရှလမ်းမလည်းဖြစ်တော့ အားနေရင် ဝင်ဖမ်းလိုက် လွှတ်လိုက်နဲ့ ပြီးခဲ့တဲ့ ၃၀ ရက်နေ့ ပုတိန်ရိုးကျေးရွာမှာ ဖမ်းသွားတာလဲ အများကြီးပဲ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပုတိန်ရိုးကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄၀ ဦးကျော်ကို ဖမ်းဆီးသွားကာ တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article