25 C
Yangon

ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ်များကို မွှေနှောက် ဖျက်ဆီးသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ်များကို မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးရန် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော

အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို စတင်ဝင်ရောက်လာကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရှင်မကန် ပျူစောထီးရွာနှင့် ညောင်ဂျစ်ပင် ပျူစောထီးရွာတို့ကို ရောက်လာပြီးနောက် ရေမျက်ရွာနှင့် ပြည့်အိုင်ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဝင်ရောက် စီးနင်းပြီးနောက် ပြည့်အိုင်ရွာနှင့် ရေမျက်ရွာမှ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက်ကာ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ပြီး ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောင်းသည် ညောင်ဂျစ်ပင် ပျူစောထီးရွာကို ဝင်ရောက် သွားကြောင်း သိရသည်။

“စစ်ခွေးတွေ ကျေးရွာနေ အမျိုးသား ပြည်သူ ၂ ဦးကိုတော့ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပါတယ်။ စစ်ခွေး စစ်ကြောင်းက ပြည်သူပိုင် နေအိမ်တွေကို မွှေနှောက် ဖျက်ဆီးပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူသွားတယ်။ အဲ စစ်ခွေး စစ်ကြောင်းက အခု ညောင်ဂျစ်ပင် ပျူစောထီးရွာကို ပြန်ဝင်သွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းစစ်ကြောင်းသည် မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသောကြောင့် ပြည်သူများ အနေဖြင့် စစ်တပ် စစ်ကြောင်းများအနီး သွားခြင်းမပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၁ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article