ရန်ကုန်၊ အောက်တိုဘာ ၁
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ပေါ်သို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ရောက်လာသော်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်သို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ရောက်လာသော်လည်း ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန် မြို့ပြင်တွင် ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက မြို့ပေါ်ကို ဝင်လာတော့ ဟုတ်ပါတယ်။ တိုက်ပွဲက မြို့အဝင်အထွက်မှာ ဖြစ်နေတုန်းပဲ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ဒရုန်းတွေက ဆက်တိုက်ကို ဗုံးကျဲ ပစ်ခတ်နေတာ ပြည်သူတွေလည်း မနေရဲတော့ဘူး။ တိမ်းရှောင်နေရတယ်။ တိုက်ပွဲက ဆက်လက် ဖြစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ပေါ်ကို ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မြို့တွင်းရှိ နေရာတချို့၊ မီးသတ်ရုံး၊ သစ်တောရုံးနှင့် ရဲစခန်း တို့ မီးလောင်ပြာကျခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်မဲမြို့နယ်ကို သာလွန်အင်အားဖြင့် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အပါအဝင် အဆိပ်ငွေ့ဗုံးများကို အသုံးပြုပြီး ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေသောကြောင့် လက်ရှိချိန်တွင် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ ကျောက်မဲမြိုအနီး ပင်တီးကျေးရွာနှင့် နောင်ချိုမြို့နယ် ဘန်ကာချောင်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။



