မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ကွင်း တည်ဆောက်ရေးအတွက် အသုံးပြုမည့် ကျွန်းသစ်များ တင်ဆောင်လာသော ၁၀ ဘီးကား ၁ စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေစကြိုမြို့နယ်အတွင်းရှိ တောလမ်းတနေရာတွင် တန်ချိန် ၈ ဒသမ ၁၅၃ တန်ရှိသော ကျွန်းသစ်များ တင်ဆောင်လာသည့် ၁၀ ဘီးကား ၁ စီးကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် သယ်ဆောင်လာသည့် ကျွန်းသစ်များဖြစ်သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကျွန်းသစ်များကို ရေစကြိုမြို့နယ် အတွင်းမှ ပခုက္ကူမြို့ လေယာဉ်ကွင်းအနီးရှိ အကြမ်းဖက် စစ်တပ် အထိုင်ချရာ မြောက်လူးကန်ကျေးရွာသို့ သွားရောက်ပို့ဆောင်မည်ဖြစ်ပြီး စစ်တပ်က လေယာဉ်ကွင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်ရန် သယ်ဆောင်လာသည့် ကျွန်းသစ်များ ဖြစ်ကြောင်း သိရှိရသည်။
“ပခုက္ကူလေယာဉ်ကွင်း ပတ်ဝန်းကျင်မှာပဲ မိခဲ့တာ ကားမောင်းသမားရယ်၊ စပယ်ယာရယ်၊ ပခုက္ကူမြို့ ကနေ ထည့်လိုက်တဲ့ လူတစ်ယောက်ရယ်၊ ၃ ယောက်ပါတယ်။ လေလံဆွဲတဲ့ အောင်ကိုလတ်ဆိုတဲ့သူ တော့မပါဘူး။ ကားသမားတွေကတော့ ပို့ခိုင်းတဲ့ဆီပဲ ပို့ရတဲ့သဘောဆိုတော့ အောင်ကိုလတ်ဆိုသူရဲ့ အကြောင်းလည်း မသိရသေးဘူး။ လက်ရှိတော့ ကားနဲ့ ကျွန်းသစ်တွေရယ်၊ ကားသမားတွေရယ် တော့ ထိန်းသိမ်းထားတယ်။ သူတို့ရဲ့နောက်ကြောင်းတွေဘာတွေစစ်ဆေးနေတုန်းပဲ။ ကားသမားတွေမေးတော့လည်း မြောက်လူးကန်ဂိတ်ကို ပို့မှာ။ မြောက်လူးကန်ဂိတ်မှာ ဒီပစ္စည်းတွေ ချမယ်။ ပြီးရင် ညအိပ်ရမယ်။မနက်မှ ပြန်ရမယ်ဆိုပြီးပြောတယ်။ ပြီးတော့ မြေပြင် အချက်အလက် တွေကို တိုက်ဆိုင်စစ်ဆေးတော့လည်း လေယာဉ်ကွင်းတည်ဆောက်ဖို့တာသေချာတယ်။ လေယာဉ် ပြေးလမ်းတွေက ပြင်ပြီးသွားပြီ။ အဲဒီလေယာဉ်ကွင်းမှာ ပြုပြင်စရာဆိုလို့ အဆောက်အဦ တွေပဲရှိ တော့တယ်၊ အဆောက်အဦတွေပြုပြင်မယ်ဆိုတာက မြေပြင်သတင်းအချက်အလက်လည်း ရထားပြီ ဒီသစ်ကားကလည်းလာပို့တယ်ဆိုတော့ သေချာသွားတာပေါ့” ဟု Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ရှင်းပြသည်။
အဆိုပါ ကျွန်းသစ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ ဂန်ဂေါခရိုင်၊ ကျောတိုက်နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့မှ ဦးအောင်ကိုလတ်ဆိုသူထံ လေလံတင်ရောင်းချလိုက်သည့် သစ်များဖြစ်ပြီး သယ် ဆောင်ရာ လမ်းတလျှောက်ရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌လည်း အခွန်ဆောင်ကာ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝများစွာကို ဖျက်ဆီး သတ်ဖြတ်နေသည့် အကြမ်း ဖက်စစ်တပ်ထံ ရောက်ရှိမည့် ကျွန်းပျဉ်များဖြစ်နေသောကြောင့် ဟန့်တားဖမ်းဆီးရခြင်းဖြစ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသော ကျွန်းပျဉ်များနှင့် ကားကို တော်လှန်ရေးအတွက် အသုံးချသွားမည် ဖြစ် ကြောင်း သိရှိရသည်။
“အခုလို သတင်းထုတ်ပြန်လိုက်တာကလည်း MOD နဲ့အမုန်းပွားဖို့တင်လိုက်တာမဟုတ်ပါဘူး။ ကျ နော် တို့လုပ်တယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူလည်းမြင်အောင်ချပြလိုက်တာပါ။ သူတို့ဆီက ရောင်းလိုက်တဲ့ပစ္စည်းက ပြည်သူစစ်စစ်ပေါ့။ လက်လုပ်လက်စားလုပ်တဲ့သူပဲဖြစ်ဖြစ်၊ ပရိဘောဂ လုပ်တဲ့ သူပဲဖြစ်ဖြစ် ရောင်းတာချတာက ကိစ္စမရှိဘူး။ ဒီပစ္စည်းက စစ်ကောင်စီနဲ့ ပတ် သက်ရာ ပတ်သက်ကြောင်းဆီရောက်သွားမယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ ဒီလေယာဉ်ကွင်း တည်ဆောက်ရေး ဖြစ်မြောက်အောင်လုပ်နေကတည်းက မအောင်မြင်စေဖို့ ကျနော်တို့က ဟန့်တား နေတဲ့သူတွေ။ ဒီလေယာဉ်ကွင်းတည်ဆောက်ရေးအတွက် ပံ့ပိုးမယ့်ပစ္စည်းတွေဆိုရင်တော့ ကျနော် တို့က လက်ခံ လို့ တော့မရဘူး။ ဟန့်တားသင့်ရင် ဟန့်တားရမှာပဲ ၊ သိမ်းသင့်ရင် သိမ်းရမှာပဲ။ သစ် ကားကို ဖမ်းလိုက် တာကလည်း ကျနော်တို့ လုံခြုံရေးယူထားတဲ့ ဂိတ်နားကို ဖြတ်လာမှ ဖမ်းဆီး စစ်ဆေးလိုက်တာ၊ အဲဒီ အခါကျမှ သစ်ကားမှန်းသိရတာ။ အဲဒီတနေရာမှာသာ ကျနော်တို့နဲ့ မတွေ့ ဘူးဆိုရင် အဲဒီကားက လေယာဉ်ကွင်းရောက်သွားမှာ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ဆက်လက်ပြောဆိုသည်။


