27.9 C
Yangon

ပေါက်၊ ထီးလင်းနှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်၊ ပခုက္ကူတွင်လည်း စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ် ဆေးကြီးတောင်ပေါ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူမားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါက်မြို့နယ် အနောက်ခြမ်း ဆေးကြီးတောင်ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ကြိမ် ဗုံးကျဲ သွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိမရှိတော့ မသိရသေးဘူး။ လိုင်းအခက်အခဲရှိလို့ပါ။ ပေါက်မြို့ရဲ့ အနောက်ဘက်အရပ်က နေရာတွေမှာ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကျဲ သွားတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲGyrocopter ၃ စီးဖြင့် ၃ ကြိမ် လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ရက်နေ့ နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် မုံရွာ နမခမှ တက်လာသော Gyrocopter ၃ စီးက ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ကြိမ် ဗုံးကျဲချ တိုက်ခိုက်သွားကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်ခန့်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော ပါရာမော်တာ ၂ စီးသည် မြိုင်မြို့နယ် အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်းချတိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ရွာကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀နာရီ ၁၇မိနစ်ခန့်တွင် ညောင်ဂျစ်ပင် ပျူရွာမှ ဘုန်းကြီးကျောင်းကနေ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ကား ၃ စီးဖြင့် ပခုက္ကူမြို့နယ် ပြည့်အိုင်ရွာကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်ရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခဲ့ကြောင်းသိရှိရသည်။

“ညောင်ဂျစ်ပင် ပျူစောထီးရွာ ဘုန်းကြီးကျောင်းကနေ ထွက်လာသော စစ်ခွေးတွေက ပြည့်အိုင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသွားတာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူပြီး စစ်ခွေး စစ်ကြောင်းက ကမ္မရဲစခန်းထဲကို ဝင်ရောက်ပါတယ်”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article