မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် တပ်ချိန်းပြီး ပြန်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးဌာန တာ၀န်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၆ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ် ကျောက်တိုင် တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လာသော အင်အား ၆၀ ၀န်းကျင်ခန့်ပါလိုက်ပါလာသော ကား ၂ စီးကို သရက်မြို့နယ်အတွင်းရှိ သရက် – မင်းတုန်းလမ်းပိုင်း ပဲ့မခန်းရွာ လမ်းပေါက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ကားပေါ်တွင် သဲအိတ်များဖြင့် ကာထားသောကြောင့် စစ်သား ၂ ဦးသာသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဒဏ်ရာရသူများထဲတွင် ဗိုလ် ၁ ဦးနှင့် ဒုတပ်ကြပ် အဆင့်ရှိသူ ၁ ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။
“ကျနော်တို့ ဒီနေ့ နံနက်အစောပိုင်းမှာ စစ်ခွေးတွေ တပ်ချိန်းဖို့ အလာကို လွှတ်ပေးပြီး အပြန်မှ အသင့်နေရာယူ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ကားမောင်းလာတဲ့ လမ်းတစ်လျှောက်မှာ သံသယရှိတဲ့ နေရာတွေကို လက်ဦးမှုယူပြီး ပစ်ခတ်တာတွေလုပ်တယ်။ တချို့နေရာတွေတွင် ရှေ့က ခြေလျင်ဆင်းလျှောက်ပြီးမှ ကားကို နောက်ကနေ ဖြည်းဖြည်းချင်း မောင်းလာတ,ပါ။ ကျနော်တို့ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ စစ်ခွေးအားလုံး ကားပေါ်မှာ ရှိနေပြီ အစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားနဲ့ ကား မှောက်လုနီးပါးထိဖြစ်သွားတယ်။ ကျနော်တို့က ရှေ့ကနေလာတဲ့ စစ်စိမ်းရောင် ကားကို လွှတ်ပေးပြီး နောက်ကနေ ပါလာတဲ့ ဖောကားအနီကို အဓိကထား ပစ်ခတ် တိုက်ခိုက်ခဲ့တာ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်တဲ့ အချိန်မှာ ကားကရပ်ပြီး လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် တရပ်စပ် ပြန်လည်ပစ်ကူပေးလို့ အပြန်အလှန် တိုက်ပွဲပြင်းထန်သွားတယ်။ ဖောကားအနီက အတွင်းမှာ သဲအိတ်တွေကာထားလို့ အထိခိုက်နည်းသွားတာလို့ သိရတယ်။ စစ်ခွေး ၂ ကောင်သေပြီး ၇ ကောင်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးဌာန တာ၀န်ခံ ကိုသာချိုက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ကပစ ၁၂ ထဲသို့သာ သယ်ဆောင်သွားကြောင်း၊ ထိုတိုက်ခိုက်မှုကို ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်ဖွဲ့က ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
