27.5 C
Yangon

စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသည်ဟုဆိုကာ ပြည်သူ ၆၄ ဦးကို ဖမ်းဆီးအရေးယူထားပြီး ဖော်ထုတ်အရေးယူမှုများ ဆက်လက် ဆောင် ရွက်မည်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသည်ဟုဆိုကာ ပြည်သူ ၆၄ ဦးကို စစ်တပ်က ဖမ်းဆီးအရေးထားပြီး ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် လှုံ့ဆော်မှုများနှင့် ဝါဒဖြန့်မှုများကို စုံစမ်းဖော်ထုတ် အရေးယူသွားရန် စစ်တပ်လက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဆိုသူ ထွန်းထွန်းနောင်( ဒုတိယဗိုလ်ချုပ်ကြီး)က ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ နေပြည်တောတွင် ပြုလုပ်သော စစ်တပ်၏ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ စက်တင်ဘာလ ၃၀ ရက်နေ့ တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ ပျက်ပြားစေရန် နှောင့်ယှက်သည်ဟုဆိုကာ ပြည်သူ ၆၄ ဦးကို ဖမ်းဆီးအရေးယူထားပြီး အမှု ၂၄ ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ်ကြောင်း” ဟု စစ်တပ်လက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဆိုသူ ထွန်းထွန်းနောင်( ဒုတိယဗိုလ်ချုပ်ကြီး)က ပြောဆိုထားသည်။

စစ်တပ်၏ ရွေးကောက်ပွဲအတွက် စစ်တပ်၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့၊ မိတ်ဖက်အဖွဲ့များနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ ၊ ဦးစီးဌာနများအားလုံးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

အကြမ်းဖက်စစ်တပ်က ယခုနှစ်ကုန်ပိုင်းပြုလုပ်မည့် ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှုများ ကာကွယ်ရေး ဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ပြည်သူများကို စစ်တပ်က အရေးယူရာတွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အရေးယူထားပြီး အဆိုပါ ပုဒ်မမှာ ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ AA တပ်ဖွဲ့၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦးနှင့် Khit Thit Media တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article