ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့တို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများနှင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၄၉ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်အတွင်းရှိ နမ့်ဟူးနွဲရွာနှင့် ဂေါ်ဒန်ကျေးရွာအကြား သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ ရှိသည်ဟု မကြားသိရသေးဘဲ လယ်ကွင်းပြင်ထဲသို့ ဗုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရှိရကြောင်း သီပေါမြို့မှ ဒေသပြည်သူများက ဆိုကြသည်။
“နမ့်ဟူးနွဲရွာနဲ့ဂေါ်ဒန်ရွာကြားက လယ်ကွင်းထဲမှာ ဗုံးကျရောက်ပေါက်ကွဲတယ်လို့ သိရတယ်။ အထိအခိုက်ရှိတယ်လို့တော့ မကြားရသေးဘူး။ မြို့ပေါ်ကို ကျတာတော့မဟုတ်ဘူး” ဟု သီပေါဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
TNLA ၏ ထုတ်ပြန်ချက်တွင်မူ ယနေ့ နံနက် ၇ နာရီ ၄၉ မိနစ်အချိန် သီပေါမြိုနယ် မန်ဟဲကျေးရွာရှိ ရဲစခန်းဟောင်းအတွင်းသို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သတင်းဖော်ပြထားသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က သီပေါမြို့သို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်မှ အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန်နှင့် နံနက် ၁ နာရီ ၃၄ မိနစ်အချိန်တို့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့၏နေရာ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူနေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ပြည်သူ ၃ ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF-Mindat -သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာနက သတင်းထုတ်ပြန်ထားသည်



