25.3 C
Yangon

ဘုတလင်၊ ဇီးတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ခုမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးနေကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) နှင့် ဘုတလင်မြို့ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ခံ ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ် ဇီးတောရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်ပြည်သူများ နေထိုင်သော တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇီးတောရွာမှ ပြည်သူ ၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ လက်ရှိချိန်ထိ ကျေးရွာထဲ၌ တပ်စွဲထားပြီး ကျေးရွာအနီးတဝိုက်တွင်လည်း ကင်းပုန်းများချထားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မြို့ပေါ်ရွာ၊ ပင်မဇီးတောရွာ၊ ထနောင်းကုန်းရွာ၊ ရွှေကျောင်းလည်ရွာ၊ သရက်တိုရိုးရွာနှင့် ထီးတော်တင်ရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရသည်။

“မနေ့က ညတည်းက ဇီးတော ဘုန်းကြီးကျောင်းထဲမှာ ဒီကောင်တွေ အထိုင်ချပြီး အခု နံနက်ခင်းပိုင်းကို ဇီးတောရွာရဲ့ မြောက်ဘက်က တဲတွေကို မီးရှို့သွားတယ်။ ဇီးတောက ပြည်သူတွေကတော့ မနေ့က ညတည်းကတော့ ရှောင်နေကြတာပေါ့။ တိမ်းရှောင်နေရတဲ့ကျေးရွာက ၅ ရွာလောက်ရှိတယ်။ တချို့လည်း ရွာထဲကနေ အပြင်မထွက်သေးပေမယ့် အဆင်သင့်အနေအထားနဲ့ စစ်ကြောင်း သွားလာတာကို စောင့်ကြည့်နေကျတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကြားရတာတော့ ဇီးတောဘက်မှာပဲ အထိုင်ပေါ့။ ရှေ့ကင်းအနေနဲ့ ဇီးတောရွာရဲ့ မြောက်ဘက်ကို ထွက်တယ်လို့ကြားထားတယ်” ဟု ဘုတလင်မြို့ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ခံ ကိုမိုးကြိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article