တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် တော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်ကောင်စီ၏ အတုယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပြီး နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သည့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၀၀ ကျော် စုပေါင်းပြီး ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံး နှင့် ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ခု ပါဝင်သော “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဘူဖျောင်း၊ ဖာဂျူ၊ ဂွမ်ဂျူး၊ ဖိုချွန်၊ ဂင်ဖို၊ အန်ဆန်း၊ ဖျောင်းထက်၊ ချွန်နမ်း၊ ဒယ်ဂျွန်း၊ ဒယ်ဂူး၊ ဂူမီ၊ ဂင်မဲ၊ ဘူဆန်၊ ဂေါ်ဂျယ် အစရှိတဲ့ မြို့များမှ တော်လှန်ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအတူတကွ စုရုံးပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဆန္ဒပြပွဲတွင်လည်း တော်လှန်ရေးအဖွဲ့ ၃၉ ခု ဖြင့် ဖွဲ့စည်းထားသော “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကိုရီးယားနေ တော်လှန်ပြည်သူများက လုံးဝဆန့်ကျင်ငြင်းပယ်သွားမည်ဖြစ်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည်သူလူထုတရပ်လုံးက အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် လုံးဝ ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ကြရန် အလေးအနက် တိုက်တွန်းထားပြီး ကိုရီးယားအစိုးရနှင့် ပြည်သူများသို့ မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးရန်၊ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်ရလဒ်နှင့် အစိုးရကိုမျှ လုံးဝအသိအမှတ် မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရှိရသည်။
နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးထောင်ချောက်ဖြစ်သော အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြတ်သားစွာရှုတ်ချပြီး မည်သည့်ရလဒ်ကိုမျှ အသိအမှတ်မပြုရန်၊ မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားပြုဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်သာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုထားကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်ကို အောင်မြင်စွာတော်လှန်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည့် ကိုရီးယား ပြည်သူများ၏ ဒီမိုကရေစီအရေးတော်ပုံ အတွေ့အကြုံများကို ကျွန်ုပ်တို့ အစဉ်လေးစား တန်ဖိုးထားကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုးများကို မျှဝေခံစားကြသော မိတ်ဆွေများအနေဖြင့် ကိုရီးယားသမ္မတ နိုင်ငံ အစိုးရနှင့် ပြည်သူလူထုအား အောက်ပါအတိုင်း အထူးမေတ္တာရပ်ခံအပ်ကြောင်း၊ မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးရန်နှင့် အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်ရလဒ်နှင့် အစိုးရကိုမျှ လုံးဝအသိအမှတ် မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးရန် အပါအဝင် မြန်မာပြည်သူလူထု၏ စစ်မှန်သောဆန္ဒဖြင့် ဖွဲ့စည်းထားသည့် တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)အား ဆက်လက်၍ ပိုမိုခိုင်မာစွာ ထောက်ခံရပ်တည်ပေးရန် တောင်ကိုရီးယား အစိုးရကို တောင်းဆိုထားကြောင်း သိရှိရသည်။
မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ ကိုရီးယားပြည်သူများ အနေဖြင့် အစဉ်တစိုက် အားပေးကူညီလျက်ရှိသည်ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ တခဲနက် ထောက်ခံအားပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ကြောင်း စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက တောင်းဆိုထားသည်။


