ရန်ကုန်၊ အောက်တိုဘာ ၅
ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဇီးကုန်းကလေးရပ်ကွက်တွင် စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကို အုပ်ချုပ်ရေးမှူး တင်ဌေးနှင့် ရာအိမ်မှူး တင်လှတို့က ဖမ်းဆီးပြီး သိန်း ၅၀ ဖြင့် စစ်မှုထမ်းတပ်သားအဖြစ် ရောင်းစားလိုက်သဖြင့် နေပြည်တော်သို့ တိုင်ကြားထားကြောင်း ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် နတ်တလင်းမြို့၊ ဇီးကုန်းကလေးရပ်ကွက်၊ ဇီးကန်းကလေးလမ်းအနောက်ပိုင်းတွင် နေထိုင်သော ဒေါ်နွယ်နွယ်ဝင်း၏ နေအိမ်သို့ ဇီးကုန်းကလေးရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ဌေးနှင့် ရာအိမ်မှူး တင်လှတို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် နေအိမ်တွင် အိပ်နေသော စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကို အိပ်ရာမှ နှိုး၍ အတင်းအကျပ် ခေါ်ဆောင်သွားကြောင်း၊ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက သားဖြစ်သူကို မည်သည့်အတွက်ကြောင့် ခေါ်ပါသနည်းဟု မေးမြန်းရာ အုပ်ချုပ်ရေးမှူး တင်ဌေးက “နင့်သားကို ခဏခေါ်တာ၊ ပြီးရင် ပြန်ပို့ပေးမယ်” ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် အချိန်ကြာမြင့်သည်အထိ သားဖြစ်သူ မောင်စောရန်နိုင်ကို ပြန်လည်ပို့ဆောင်ခြင်းမပြုသဖြင့် မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက လိုက်လံ စုံစမ်းရာ သားဖြစ်သူ မောင်စောရန်နိုင်ကို နတ်လင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း၊ ထို့ကြောင့် မြို့နယ် ထွေ/အုပ်ရုံးသို့ လိုက်လံ မေးမြန်းသောအခါ ရပ်ကွက်နှင့် မြို့နယ်ရုံးအကြား အပြန်အလှန် လွှဲချပြီး သတင်းစုံစမ်းမရဖြစ်နေခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့နယ်ရှိ တာဝန်ကျ စစ်တပ်ထံသို့ သွားရောက် မေးမြန်းသောအခါ မောင်စောရန်နိုင်ကို အုပ်ချုပ်ရေးမှူး တင်ဌေးနှင့် ရာအိမ်မှူး တင်လှတို့က စစ်မှုထမ်း တပ်သားအဖြစ် ထည့်သွင်းခဲ့ကြောင်း၊ ထိုသို့ စစ်မှုထမ်းတပ်သားအဖြစ် ခေါ်ယူခဲ့ခြင်းမှာ ငွေကျပ် သိန်း ၅၀ ပေး၍ မောင်စောရန်နိုင်ကို ၎င်း၏ မိဘများက စစ်မှုထမ်းအဖြစ် ထည့်လိုက်သည်ဟု အုပ်ချုပ်ရေးမှူး တင်ဌေးနှင့် ရာအိမ်မှူး တင်လှတို့က ထွက်ဆိုထားကြောင်း၊ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းကလည်း မည်သည့် ငွေကြေးမှ ရယူထားခြင်းမရှိဘဲ လိမ်လည် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စစ်တပ်ထံသို့ အသိပေးခဲ့ကြောင်း သိရှိရသည်။
မောင်စောရန်နိုင်ကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးက လိမ်လည် ခေါ်ဆောင်သွားမှုပေါ်ပေါက်လာပြီးနောက် အုပ်ချုပ်ရေးမှူး တင်ဌေးနှင့် ရာအိမ်မှူး တင်လှတို့က မိခင် ဒေါ်နွယ်နွယ်ဝင်းကို ငွေကျပ် ၂ သိန်းလာပေးကြောင်း၊ သို့ရာတွင် မိခင် ဒေါ်နွယ်နွယ်ဝင်းက မယူဘဲ ငြင်းဆန်ပြီး သားဖြစ်သူကိုသာ ပြန်ခေါ် ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန် နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စစ်တပ်အရာရှိ ဗိုလ်မှူးက မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းနှင့် အုပ်ချုပ်ရေမှူး တင်ဌေး၊ရာအိမ်မှူး တင်လှတို့ကို ခေါ်ယူ၍ မျက်နှာချင်းဆိုင် တွေ့ဆုံစေခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် အုပ်ချုပ်ရေးမှူး တင်ဌေးက သားဖြစ်သူ မောင်စောရန်နိုင်ကို စစ်မှုထမ်းအဖြစ် စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့မှုအတွက် ငွေကျပ် သိန်း ၇၀ ပေးမည်ဟု ကတိပေးခဲ့သော်လည်း မည်သည့်ငွေကြေးမှ မပေးခဲ့ကြောင်း၊ အဓိကအားဖြင့် စိတ်ဝေဒနာရှင်ဖြစ်သူ မောင်စောရန်နိုင်ကို လိမ်လည် လှည့်ဖြား၍ စစ်တပ်ထဲသို့ စစ်မှုထမ်း လူစားထိုးအဖြစ် ထည့်သွင်းခဲ့မှုအတွက် အရေးယူပေးရန် နေပြည်တော်သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကလေးက ဦးနှောက်မကောင်း ကျပ်မပြည့်ဘူးဆိုတာ တစ်ရပ်ကွက်လုံးသိပါတယ်။ အဲဒါကို အိမ်ပေါ်တက်ပြီး လိမ်ခေါ်ပြီး တပ်ထဲကို ထည့်လိုက်တာ။ ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးပေါင်းပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ကလေးကို အဲဒီလို လုပ်တာ။ ပြီးတော့ မိဘတွေကို သိန်း ၅၀ ပေးပြီး ခေါ်လာပါတယ်ဆိုပြီး စစ်တပ်ကိုလည်း လိမ်ပြောပြီး စစ်ထဲထည့်တယ်။ ဒါကြီးက မဖြစ်သင့်ဘူး။ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အုပ်ကြီးနဲ့ ရာအိမ်မှူးက ကိုယ်ကျိုးစီးပွားရှာတာဖြစ်ပါတယ်” ဟု စိတ်ဝေဒနာရှင် မောငစာရန်နိုင်၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် မောင်စောရန်နိုင်မှာ စစ်မှုထမ်းအပတ်စဉ် ၁၇ သို့ ပို့ဆောင်ခံထားရဖွယ်ရှိနေပြီး မိဘများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဆွေမျိုးများထံမှ သိရှိရသည်။


